ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ရှိ ဒေသခံတောင်သူများကို ဆောင်းရာသီ စိုက်ဘဏ်ချေး‌ငွေရယူခွင့်အတွက် ရန်ပုံငွေခုနှစ်သောင်းကျပ်ပေးရန် တောင်းခံနေကြောင်း ဒေသခံများထံက သိရသည်။

ကျုံပျော်မြို့ရှိ မြို့နယ်လယ်ယာဖွံဖြိုးရေးဘဏ်ရှိ မန်နေဂျာ ဦးကြည်လွင်မှ အထက်ပါအတိုင်း တောင်းခံနေခြင်း ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။

“ မြို့နယ်စိုက်ဘဏ်ကနေ ဆောင်းစိုက်ချေးငွေကို ရန်ပုံငွေခုနှစ်သောင်းတောင်းတယ်။ မပေးရင် စိုက်ချေးငွေ မပေးဘူးလုပ်နေတာ။ ဘဏ်မန်နေဂျာဦးကြည်လွင်ကတောင်းနေတာ။ ငွေပေးမှရက်ချိန်းပေးမယ်ပြန်ပြောတယ်” ဟု ရွာသစ်ကျေးရွာ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် မိုးရာသီစပါးစိုက်ပျိုးချေးငွေ ဆပ်နှံပြီးသူများကို ထပ်မံပြန်ဆပ်ရမည့်အပြင် မိုးနှင့်ဆောင်းသီးနှံ များအတွက် ရေကြီးအာမခံကြေးအဖြစ် တစ်ဧက ၁၀၀၀ ကျပ်နှုန်း နှင့်ကိုယ်စားလှယ်ခ တစ်ဦးလျှင် ၂၀၀၀ကျပ်ကိုပါ ပေးဆောင်ရန် တောင်းခံနေကြောင်း တောင်သူများထံကသိရသည်။

“ မိုးစပါးချေးငွေဆပ်ပြီးသားလည်းထပ်ဆပ်ခိုင်းတယ်။ ရေကြီးအာမခံကြေး တစ်ဧက ၁၀၀၀ ရယ် ကိုယ်စားလှယ်ခ ၂၀၀၀ ပါထပ်တောင်းတာ။ မပေးရင်ထောင်ချမယ်ဆိုပြီးခြိမ်း‌ခြောက်ခံရတယ်”ဟု မှန်ကုန်းကျေးရွာဒေသခံ တောင်သူတစ်ဦးကဆိုသည်။

ကျုံပျော်မြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် မိုးနှင့်ဆောင်းသီးနှံ ချေးငွေပေးသွင်းရန်ကာလမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သတ်မှတ်ထားပြီး လယ်သမားများမှာ သီးနှံများအထွက်လျော့သည့်အပြင် သွင်းအားစုစျေးနှုန်းများ ကြီးမြင့်နေသည့်အတွက် ချေးငွေပြန်ဆပ်ရန် အခက်ကြုံနေရကြောင်းသိရသည်။

#ဧရာဝတီတိုင်း #ကျုံပျော်မြို့နယ် #ဆောင်းရာသီ #စိုက်ဘဏ်ချေး‌ငွေ #ရန်ပုံငွေ၇၀၀၀၀ကျပ် #Ayeyarwaddy_Times