
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဒီဇင်ဘာ ၁၁ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အရက်ဆီပေပါ အလုံး ၅၀ ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီ နှင့် ပတ်သက်နေ၍ ဖောက်သွန်ဖျက်ဆီး ပစ်ခဲ့ကြောင်း သိန်းငှက်( Falcon TYC PDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က နယ်မြေရှင်းလင်း ရေးနှင့် လမ်းကြောင်းလုံခြုံရေး အတွက်ကင်းလှည့်ဆောင်ရွက်နေစဥ် ရန်ကုန်ဘက်မှ မြိတ်မြို့သို့ အရက်ဆီပီပါများ တင်ဆောင်လာသည့် ယာဥ်ကို အောက်သရက်ချောင်းရွာ နှင့် ပိတောက်ကြီးရွာအကြားတွင် ရပ်တန့် စစ်ဆေးခဲ့သည်။
ထိုသို့ ရပ်တန့်စစ်ဆေးခဲ့ရာ မြိတ်မြို့သို့ပို့ဆောင်မည့် စစ်ကောင်စီ နှင့်ပတ်သက်သော မန္တလေး မြနဒီစက်ရုံထုတ် ( ပိုင်ရှင်-တရုတ်-မြန်မာ) အရက်ဆီပီပါအလုံး ၅၀ တိတိကို ဖွေဖမ်းဆီးရမိခဲ့ကြောင်း သိန်းဌက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သိရသည်။
“စစ်ကောင်စီ ဒေါက်တိုင် အကြီးစားပိုင် တဲ့ အရက်ဆီပီပါတွေပါ။ ဒါကြောင့်ကျွန်တော်တို့ အဲဒီကားကို ဖမ်းဆီးခဲ့တယ်။ အားလုံး အရက် ဆီပီပါ အလုံး ငါးဆယ် တိတိပါ လာတာပါ။ အားလုံးကို ဖျက်ဆီးတယ်” ဟု သိန်းငှက် ပြောက်ကျားအဖွဲ့၏ ပြန်ကြားရေးတာဝန် ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ဖမ်းဆီးရမိသောအရက်ဆီ ပီပါအလုံး ၅၀ နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့တင်ပြခဲ့ပြီး အဖွဲ့စည်းများ၏ဆုံးဖြတ်ချက်အရ ဖမ်းဆီးရမိထားသည် အရက်ဆီ ပီပါ အလုံး ၅၀ ကို ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီတွင် ဖောက်သွန်ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရက်ဆီပီပါများကို တင်ဆောင်လာသည့် ယာဥ်မောင်း နှင့် ယာဥ်နောက်လိုက် နှစ်ဦးကို ခံဝန်လက်မှတ်ရေးထိုးစေ၍ ညတွင်းချင်းပင် ၎င်းတို့မောင်းနှင်လာသည့် ယာဥ်နှင့်အတူ ပြန်လည်လွှတ်ပေး ခဲ့ကြောင်း သိရသည်။
သရက်ချောင်း မြို့နယ်တွင် သိန်းဌက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Falcon TYC PDF)တာဝန်ယူထားသည့်နယ်မြေအတွင်း စစ်ကောင်စီ ဒေါက်တိုင်များ၊ စစ်ကောင်စီနှင့် ပတ်သက်သည် ထုတ်ကုန်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပြီး ကုန်တင်ယာဥ်များအနေဖြင့် ဥပဒေအရ တရားဝင်ရှာဖွေစစ်ဆေးမှုကို ပူးပေါင်းပါဝင် ပေးကြရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။
ဓာတ်ပုံ- သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။
#သရက်ချောင်း #ဖမ်းဆီး #အရက်ဆီပေပါအလုံး၅၀ #သိန်းငှက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ #ဖောက်သွန်ဖျက်ဆီး #Ayeyarwaddy_Times