
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
အရပ်သား ပြည်သူများရှိရာကို ပစ်မှတ်ထား၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီက (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးအခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MIC-1 တွင် ကျင်းပခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် နိုင်ငံတဝန်းတွင် စစ်ရာဇဝတ်မှုများ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသောလူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံအမျိုးမျိုးဖြင့်ပြု လုပ်နေသဖြင့် မြန်မာပြည်သူများ လူ့အခွင့် အရေးချိုး ဖောက်ခံနေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG) ထုတ်ပြန်ချက် အရသိရသည်။
“လူ့အခွင့်အရေးဆိုတာလူတိုင်း အတွက် ဖြစ်ပါတယ်။ မတရားမှုကို ဆန့်ကျင်ဖို့ကလဲ လူတိုင်းရဲ့ တာဝန်ဖြစ် ပါတယ်။ ဖိနှိပ်မှုတွေကို လက်မခံ လိုတဲ့ ဆန့်ကျင်လို့တဲ့ အကြမ်းဖက်စစ်ဝါဒီတွေကို တွန်းလှန်လိုတဲ့ ပြည်သူတိုင်းက လူ့အခွင့်အရေးကိုလေး စားမြတ်နိုးပြီးတော လူ့အခွင့်အရေးရရှိဖို့ အတွက်တိုက်ပွဲဝင်ဖို့နဲ့ အာဏာရှင်စနစ် အုတ်တံတိုင်းကြီးကို ဖြိုဖျက်နိုင်တဲ့အထိ ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက လူအခွင့်အရေးနေ့တွင် တိုက်တွန်း ပြောကြားထားသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ၂၀၂၃ ခုနှစ်အထိ အရပ်သားများ၏ ပိုင်ဆိုင်မှုများကိုဖျက်ဆီခြင်း၊ လုယက်ခြင်းနှင့် မတရား ဖမ်းဆီးရခြင်းအပါအဝင် အရပ်သားများကိုညှည်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း များကို စစ်ကောင်စီက ကျူးလွန်လျက်ရှိကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG) ထုတ်ပြန်ချက်တွင်ပါဝင်သည်။
စစ်ကောင်စီသည် အရပ်သားများကိုတိုက်ခိုက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုများ လိုအပ်နေနေသည့် နေရာများကို အကူညီပေးခွင့်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်များ ဆောင်ရွက်ခွင့်ကိုဟန့်ထားခြင်းနှင့် လူသားတိုင်း ရပိုင်ခွင့်ရှိသောအသက်ရှင်ပိုင်ခွင့် အရေးကိုချိုးဖောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေယာဉ်ဖြင့်ဗုံး ကြဲခြင်းများ ပြုလုပ်လျက် ရှိကြောင်း တိုက်ပွဲများဖြစ်ပွားနေရာရှိ ဒေသခံများထံက သိရသည်။
ထို့ပြင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေး အဆောက်အဦး များအပါအဝင် စစ်ဘေးရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူမျိုးသုဉ်း သတ်ဖြတ်သည့်စစ်ရာဇဝတ်မှုများကျုးလွန် လျက်ရှိကြောင်းသိရသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး အရပ်သားသေဆုံးသူ ၆၈၇ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၄၅၈ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#လူ့အခွင့်အရေးချိုးဖောက် #အကြမ်းဖက်မှုများဆောင်ရွက် #စစ်ကောင်စီက #လူ့အခွင့်အရေးနေ့ကျင်းပ #Ayeyarwaddy_Times