ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

ဧရာဝတီတိုင်းအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသားများ မူယစ်ဆေးသုံးစွဲနေသော်လည်း ကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများမှ တားဆီးနိုင်ခြင်းမရှိသည့်အပြင် ကျောင်းအတွင်း မူးယစ်ဆေးရောင်းဝယ်မှုများ ပြုလုပ်နေကြောင်း ဟင်္သာတမြို့နယ် ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများတွင် ကျောင်းသားအချို့ မူးယစ်ဆေး သုံးစွဲမှုများ ရှိနေပြီး ကျောင်းအတွင်မှာပင် ဝယ်ယူရောင်းချမှုများ ရှိနေကြောင်း မြို့ခံများက ဆိုသည်။

” ဆေးသုံးနေကြတာက ၉တန်း ၁၀တန်း ကျောင်းသားတွေများတယ်။ ကျောင်းအိမ်သာတွေထဲမှာ သုံးနေကြတာ၊ အခုက ကျောင်းတက်တဲ့ သူကလည်းနည်းတော့ ချော့ပေါင်းနေရသလို ဖြစ်နေကြတာ။ အချို့ကျောင်းသားတွေဆို WY ဆေးပြာတွေအထိသုံးနေကြတယ်လို့ သတင်းတွေထွက်လာတယ်။ ဟသ်ာတ အထက ၆ က ဒီကိစ္စနဲ့ ပတ်သတ်ပြီး နာမည်တော်တော်ထွက်နေတယ် “ဟု ဟင်္သာတမြို့ခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်ထက်တွင် ကျောင်းသားဦးရေလျော့နည်းနေသဖြင့် ကျောင်းသားများအား အိမ်အထိ လိုက်ခေါ်၍ ကျောင်းတတ်ခိုင်းနေရပြီး ဖုန်း များကိုပါ အသုံးပြု့ခွင့်ပေးထားသော ကျောင်းများရှိကြောင်း ဒေသခံများထံမှသိရသည်။

“အခုကျောင်းတွေမှာ အရင်လို ကြပ်ကြပ်မတ်မတ်မရှိတော့ဘူး။ ကလေးတွေဆီမှာ ဖုန်းတွေယူလာတယ် ကျောင်းစာသင်ခန်းထဲမှာ ပုံတွေရိုက်လိုင်းပေါ်တင် မိဘတွေကလည်းသားသမီးတွေကို မနိုင်တော့ဘူး အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုတာ ဆိုင်ဘုတ်တစ်ခုသာသာပဲ အရင်က ပညာရေးအဆင့်နဲ့ဘာမှမဆိုင်ဘူး “ဟု ဟသ်ာတမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျောင်းသား လူငယ်များ မူယစ်ဆေးသုံးစွဲမှုမှာ စစ်ကောင်စီလက်ထက်တွင် ပိုမိုများပြာလာခဲ့ပြီး ပညာပေး ဆောင်ရွက်ခြင်းမရှိသလို သုံးစွဲသူများကိုသာ ဖမ်းဆီနေပြီး ဖြန့်ဖြူသူများအား ဖမ်းဆီအရေးယူနိုင်ခြင်း မရှိကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။

#ဧရာဝတီ #အခြေခံပညာကျောင်း #ကျောင်းသား #မူယစ်ဆေးသုံးစွဲ #ကျောင်းအတွင်း #မူးယစ်ဆေး #ရောင်းဝယ်မှုများပြုလုပ်#Ayeyarwaddy_Times