
ဧရာဝတီတိုင်းမ်
(ခါမ်းပါတ်)၊ ဒီဇင်ဘာ ၁၁ ရက်
ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးစားနေပြီး ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ကာ လေကြောင်းဖြင့် ခြောက်ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ခါမ်းပါတ်မြို့ရှိ သိမ်းပိုက်ခံထားသည့် ယခင်စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီ တပ်သားများဝင်ရောက်တပ်စွဲခဲ့သောကြောင့် အဆိုပါတပ်စခန်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကဝိုင်းရံပိတ်ဆို့ထားကာ လက်ရှိအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်လက်ရှိနေကြောင်းသိရသည်။
“မြို့ကို ထိန်းချုပ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ မူလစစ်ကောင်စီစခန်းမှာ ပြန်ဝင်တာပေါ့နော်။ ဒါပေမယ့် သူတို့က အပြင်ကို ထွက်လို့ မရဘူး။ ဝိုင်းရံပိတ်ဆို့ထားတယ်။ မနေ့ကတော့ တစ်နေ့ကုန် တိုက်ပွဲဖြစ်တယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၏ ပြောခွင့်ရ ဆလိုင်းဗန်ကီးရိုက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ခါမ်းပါတ်မြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ၊ အာဆမ်တပ်က ယခင်လတွင် တမူးမြို့သို့ ပို့ဆောင်ခဲ့သော တပ်ဖွဲ့ဝင်များဖြစ်ပြီး တမူးမြို့နှင့် အနီးစပ်ဆုံးဖြစ်သော ခါမ်းပါတ်မြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
“ခါ့မ်းပါတ်မြို့ကို ထိုးစစ်ဆင်လာတာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ် စစ်ဆင်ရေးမြှင့်တင်ဖို့လည်း ပါမယ်လို့ ယူဆတယ်။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး မောင်းထုတ်မှာပဲ” လို့ ဆလိုင်းဗန်ကီးရိုက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ခါမ်းပါတ်မြို့၊ မြို့မရဲစခန်းအနားရှိ မိဘမဲ့ဂေဟာဟာ(KhamPat Mission House) ကို ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့၍ မိဘမဲ့ကလေး ၅၀ ကျော် ကျောင်းဝင်းအတွင်း ပိတ်မိနေကြောင်းဒေသခံများထံက သိရသည်။
ခမ်းပတ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တမူးခရိုင် တပ်ရင်း-၂ ၊ စစ်ဒေသအထူးတပ်ရင်း-၂၊ အမှတ်(၁) စစ်ဒေသလက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲ ရေးအဖွဲ့၊ CNDF၊ TDA၊ RKDFနှင့် KNA-Burmaတို့က ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-ခါမ်းပါတ်မြို့။
#ခါမ်းပါတ်မြို့ #ယခင်စစ်ကောင်စီတပ်စခန်း #စစ်ကောင်စီတပ် #ဝင်ရောက်နေရာယူ #ပြည်သူ့ကာကွယ်ရေးတပ် #ဝိုင်းရံပိတ်ဆို့ထား #Ayeyarwaddy_Times