
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
တရုတ်၏ ကြားဝင်မှုဖြင့် မြောက်ပိုင်း ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တက်ရောက်ခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
တရုတ်အစိုးရ၏ ကြား၀င်အကူအညီဖြင့် ပြုလုပ်ခဲ့သည့် ယင်းဆွေးနွေးပွဲသည် ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့်စစ်ပွဲကို နိုင်ငံရေးအရဖြေရှင်းနိုင်ရန် ဖြစ်ပြီး ဆွေးနွေးပွဲ တိုးတက်မှုအပေါ် မူတည်၍ ဒီဇင်ဘာလကုန်တွင် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ ဆွေးနွေးပွဲ အကြောင်းကို ပြောဆိုထားသော်လည်း ညီနောင် မဟာမိတ်တပ်ဖွဲ့များဘက်မှ တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုသို့ ဆွေးနွေးမှုမပြုလုပ်ခင် မြန်မာနိုင်ငံ၊ ရှမ်းမြောက်၊ ကိုးကန့်ဒေသတွင် လုပ်ကိုင် နေသည့် အွန်လိုင်းငွေလိမ်းဂိုဏ်းကို ဦးဆောင်သည့် အရေးပါသော လူပုဂ္ဂိုလ် ၁၀ ဦးကို ဖမ်း၀ရမ်းထုတ်၍ ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ တရုတ်ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်အစိုးရ၏ ဖမ်း၀ရမ်း ထုတ်ခံရသူများထဲတွင် ကြံခိုင်ရေးပါတီမှ အမတ်ဟောင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်၊ သားဖြစ် သူ ပယ်ရင်းချိန် နှင့် သမီးဖြစ်သူ ပယ်ရင်းလန့်တို့ပါ၀င်ကြောင်း သိရသည်။
ပုံစာ- မြောက်ပိုင်း ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကော်မတီ တို့ ပြီးခဲသည့် ဇွန်လ ၁ ရက်နေ့က မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်
#တရုတ်ကြားဝင်မှု #မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ #စစ်ကောင်စီဆွေးနွေး #Ayeyarwaddy_Times