ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

နေပြည်တော် အပါအဝင်မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှုများရှိနေ၍ စင်္ကာပူ နိုင်ငံကနေ အဓိကတင်သွင်းသော စက်သုံးဆီတင်သင်္ဘော ၂၇ စင်း ဒီဇင်ဘာလ အတွင်း ရောက်ရှိမည်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဇော်က ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ပါရှိသည့် အင်တာဗျူးတွင် ဦးသန်းဇော်က ဖြေကြား ထားခြင်းဖြစ်သည်။

လက်ရှိ သီလဝါဆိပ်ကမ်းတွင် ဓာတ်ဆီတန်ချိန် နှစ်သောင်းကျော်နှင့် ဒီဇယ်တန်ချိန် ငါးသောင်းကျော်ပါဝင်သော ဆီတင်သင်္ဘောဆိုက်ကပ်နေပြီး ထပ်မံ၍ ဆိုက်ကပ်ရန် စောင့်ဆိုင်း နေသည့်ဆီတင်သင်္ဘော ကိုးစင်းတွင် ဓာတ်ဆီတန်ချိန် ၆၇,၇၃၇ တန်နှင့် ဒီဇယ်ဆီ ၆၅,၃၅၉ တန်ကျော်ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ပြည်ပမှနေ၍ မြန်မာနိုင်ငံအတွက် ဝယ်ယူထားပြီးဖြစ်သည့် စက်သုံးဆီများကို ဆီတင်သင်္ဘောပေါ် တင်ဆောင်လျက်ရှိပြီး ဝယ်ယူထားရှိသည့် စက်သုံးဆီ သင်္ဘောများ ထပ်မံရောက်ရှိမည်ဖြစ်၍ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်မည်မဟုတ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအတွင်း ရေးမှူး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က ထပ်မံပြောဆိုသည်။

စက်သုံးဆီအလုံအလောက်ရှိကြောင်း စစ်ကောင်စီအဖွဲ့ဝင်များက အဆက်မပြတ် ပြောကြားနေသော်လည်း မြေပြင်တွင်မူ စက်သုံးဆီရရှိရေး တန်းစီစောင့်ဆိုင်း ဝယ်ယူနေရဆဲဖြစ်ပြီး တချို့နေရာများတွင် ရေသန့်ဗူး တစ်လီတာဗူးများ၊ ဂါလံပုံးများဖြင့် ပြန်လည် ရောင်းချမှုများရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

“ ဒီနေ့အထိဆီလွယ်လွယ် ဝယ်မရသေးဘူးး။ သူတို့သာရောက်နေတယ်ပြောတာ။ ရန်ကုန်မြို့တွင်းမရလို့ တစ်နေ့ကဆို ထောက်ကြန့်အထိဆီသွားထည့်ရတယ်။ ည ၇ နာကျော်ရင် ဆီဆိုင်တွေက ပိတ်ထားလိုက်ပြီ။ ကားတွေကတော့တန်းစီ စောင့်နေတာပဲ။ ညအိပ်ပေါ့။ ဖွင့်ပေးတဲ့အချိန်ထည့်ပဲ။ အိပ်ရေးပျက်ဒုက္ခရောက်တယ်” ဟု ရန်ကုန်မြို့ အတွင်းတက္ကစီမောင်းနှင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေပြည်တော်အပါအဝင် ရန်ကုန်မြို့ကြီးနှင့် အခြား မြို့များတွင် စက်သုံးဆီ ရရှိရန်အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းဝယ်နေရပြီး သုံးစွဲသူအချင်းချင်း တဆင့်ပြန်လည်ရောင်းချမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံတစ်ဝန်းရှိ ဆီအရောင်းဆိုင်များ၊ လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ဆယ်သွယ်ရေး လုပ်ငန်းနှင့် ရေလုပ်ငန်းများအပါအဝင်အခြားလုပ်ငန်းများတွင် သုံးစွဲရန် စက်သုံးဆီဖြန့်ဖြူးပေးနေကြောင်း စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနထက သိရသည်။

စက်သုံးဆီဆိုင်များတွင် ဆီတန်းစီ၍ဝယ်ယူပြီး အပြင်တွင်လိုင်စင်မဲ့ရောင်းချခြင်း၊ နေအိမ်နှင့်ခြံဝင်းများတွင် ရောင်းချခြင်းများတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဇော်က ဆိုသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စင်္ကာပူနိုင်ငံ #စက်သုံးဆီတင်သင်္ဘော၂၇စင်း #ဒီဇင်ဘာလ #စက်သုံးဆီ ကြီးကြပ်ရေးကော်မတီ #Ayeyarwaddy_Times