ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

ဧရာဝတီတိုင်းအတွင်း CDMဝန်ထမ်းအချို့ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များကြောင့် တိုင်းစစ်ကောင်စီမှ CDMဝန်ထမ်း စောင့်ကြည့်ရေးအတွက် လျို့ဝှက်အဖွဲ့ ဖွဲ့စည်းကာ စောင့်ကြည့်နေကြောင်း တိုင်းစစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

ဧရာဝတီတိုင်းအတွင်း CDM ပညာရေးဝန်ထမ်းအချို့ ဖမ်းဆီးခံရပြီးနောက် တိုင်းစစ်ကောင်စီမှ CDMဝန်ထမ်းစောင်ကြည်ံရေးအဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၇ရက်နေ့က လျို့ဝှက်ဖွဲ့စည်း၍ စောင့်ကြည့်မှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။

“ CDMဝန်ထမ်းတွေ အဖမ်းခံရတာတွေ ရှိလာတော့ ဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးဦးစီးပြီးတော့ CDMစောင့်ကြည့်ရေးအဖွဲ့ကို လျို့ ဝှက်ပြီးတော့ဖွဲ့လိုက်တယ်။ စစ်တပ်နဲ့ရဲအဖွဲ့က တိုင်းအဆင့် အရာရှိကြီးတွေကိုပဲ လူရွေးပြီးဖွဲ့လိုက်တာ” ဟု တိုင်းစစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောကြားသည်။

အဆိုပါအဖွဲ့အစည်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးဇော်အောင်၊ ဗိုလ်မှူးကျော်ဟန်အေး၊တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ရဲမှူးဝင်းအောင် တို့ပါဝင်ပြီး CDMဝန်ထမ်းကူညီရေးအဖွဲ့အစည်းများ၏ လူမှုစာမျက်နှာများကို စောင့်ကြည့်ခြင်း၊ ထောက်ပို့ လုပ်ဆောင်သူများကို ထောက်လှမ်းဖမ်းဆီးခြင်းနှင့် CDMဝန်ထမ်းမိသားစုများကို စောင်ကြည့်ခြင်း တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလိုလုပ်ဆောင်တာက စစ်ကောင်စီအနေနဲ့ ကျဆုံးခါနီးလေ လူထုကို ပိုဒုက္ခပေးလေ လုပ်တဲ့သဘောပြောလို့ရတယ်။ ပြည်တွင်းမှာရှိနေတဲ့ CDMဝန်ထမ်းတွေအနေနဲ့ ဂရုစိုက်ဖို့လိုတယ်။ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေက ဘာမှအရာထင်မှာမဟုတ်တော့ဘူး”ဟု ညောင်တုန်းမြို့ခံ CDM ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် ဧရာဝတီတိုင်းအတွင်း ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း နှစ်သောင်းကျော် မှာ လက်ရှိအချိန်အထိ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ထားပြီး ဝန်ထမ်း ၅၀ ဦးထက်မနည်း ဖမ်းဆီးထောင်ချခံထားရသည်။

#ဧရာဝတီတိုင်း #စစ်ကောင်စီ #စစ်တပ် #ရဲအရာရှိကြီးများပါဝင် #CDMဝန်ထမ်းစောင့်ကြည့်ရေး
#လျှို့ဝှက်အဖွဲ့စည်းထား #Ayeyarwaddy_Times