ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့က စစ်ကောင်စီသတင်းပေးလုပ်နေသူရဲ့ ရွှေဆိုင် ဗုံးပစ် ခံခဲ့ရတယ်လို့ သိရပါတယ်။

အမှတ် ၃ ရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ စစ်ကောင်စီသတင်းပေး ဦးနွေကျော်ရဲ့ “ပြည်ကျော်”ရွှေဆိုင်ကို အမည်မသိအဖွဲ့က လက်ပစ်ဗုံးနဲ့ မနက် ၁၀ နာရီလောက်မှာ လာပစ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ လက်ပစ်ဗုံးနဲ့လာပစ်သွားတာ ဗုံးတော့မပေါက်ဘူးကြားတယ် နည်းနည်းတော့ရုတ်ရုတ်သည်းသည်းဖြစ် သွားတယ် ပြီးတော့ စစ်ဆေးတာတွေလည်းပိုများလာတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပစ်မှုခံရပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး လက်ပစ်ဗုံးကို သိမ်းယူသွားသလို ပတ်ဝန်ကျင်နဲ့ မြို့လူစည်ကားတဲ့နေရာတွေမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသတင်းပေးရဲ့ ရွှေဆိုင်ကို ဗုံးနဲ့ပစ်ခတ်မှုကိုတော့ ဘိုကလေး (ပကဖ)နဲ့ ဧရာဝတီတိုက်ငါးမန်း ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။