ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

ယနေ့ နေလည်ပိုင်းတွင် ရန်ကုန်မြို့တွင်း အာဏာသိမ်းစစ်တပ်မှ လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှု့ကို နေရာအနှံ့ ပြုလုပ်နေရာတွင် ဖုန်းအတွင်းရှိ လူမှု့ကွန်ယက် Facebook ကို ဖွင့်ခိုင်းကာ Profile အနက်ရောင်ရှိ လူငယ် ၅ ဦးကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသူများက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

“ဆူးလေဘုရားအနားမှာ လူငယ်တွေရဲ့ ဖုန်းကိုစစ်တယ်။ တခြား ဘာမှမတွေ့တောင် Facebook အကောင့်ကိုကြည့်ပြီး Profile အနက်မို့ ဖမ်းထားတာ ကျနော် နေ့လည် ၂ နာရီကျော်က တွေ့ရတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ထို့အပြင် “ကျနော် လှည်းတန်းနားရောက်တော့ ဖုန်းအစစ်ခံရတယ်။ လူငယ် ၂ ယောက်က ဖုန်းရဲ့သူတို့အကောင့်မှာ အနက်ချိန်းထားလို့ ဒူးထောက်ထိုင်ခိုင်းပြီး ဖမ်းထားတယ်။ ကျနော်က မချိန်းထားလို့ ပြန်လွှတ်လိုက်တယ်” ဟု သာကေတမြို့ခံတဦးကလည်း ဆိုသည်။

အလားတူ သာကေတမြို့နယ်တွင်လည်း လူငယ် ၂ ဦးအား Facebook Profile အနက်ရောင်ထားမှုဖြင့် ဖမ်းဆီးခံရသည်ဟု သတင်းရရှိခဲ့သော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြား အတည်ပြုခြင်းမရှိသေးပါဘူး။

ယနေ့တွင် ရန်ကုန် အင်းစိန်ထောင်အတွင်း ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီတိူင်းမ်သို့ အတည်ပြုထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် စစ်ကောင်စီက ကိုဂျင်မီနှင့် ​ကိုဖြိုးဇေယျာသော်တို့ကို မိသားစုဝင်များနှင့်အွန်လိုင်းမှတဆင့် ထောင်ဝင်စာတွေ့ဆုံခွင့်ပေးခဲ့ကြောင်းသိရသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦး၏ သေဒဏ်အမိန့်ကို အတည်ပြုကြောင်းစစ်ကောင်စီဘက်က ဇွန်လ ၃ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပြီး ၁ လကျော် အကြာတွင် ပြစ်ဒဏ်စီရင်ပြီးစီးသည်ဟု ဖော်ပြလာခြင်းဖြစ်သည်။

၎င်းနောက် နိုင်ငံတကာမှ သံရုံးများက ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့ကြသလို အပြင် ရန်ကုန်မြို့ပြ မြေအောက်အဖွဲ့များကလည်း တန်ပြန်သည့် ပြင်းထန်သော တုံ့ပြန်မည့်အကြောင်း အသီးသီးကြေညာခဲ့သည်။