ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇူလိုင်လ ၂၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဟားခါးမြို့နယ်၊ နှီာရ်လောန်ကျေးရွာတွင် နေထိုင်သော အသက်(၂၂)နှစ်အရွယ်ဆလိုင်းမန်လျန်ဆန်ကို ယမန်နေ့ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်ခန့်မှာ ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား(၁၀၀)ခန့်ဟာ ဟားခါးမြို့ကနေ ဒီနေ့၊ မနက်ပိုင်းမှာ နှီာရ်လောန်ကျေးရွာကို ရောက်လာတော့ ရွာသားတွေက ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဆလိုင်းမန်လျန်ဆန်က မူကြိုကျောင်းက ကလေးတွေကို ဆိုင်ကယ်နဲ့သွားခေါ်တဲ့အခါမှာ စစ်တပ်နဲ့ လမ်းမှာ တည့်တိုးမိတော့ စစ်တပ်က အကြောင်းမဲ့ပစ်သတ်လိုက်တာ၊ သူက နှီာရ်လောန်ဘုရားကျောင်းမှာ အထွေထွေအလုပ်သမားအဖြစ်အလုပ်လုပ်ကိုင်ပြီး ရိုးသားတဲ့ လူငယ်လေးပါ”ဟု ကျေးရွာခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့ဘက်မှ ဇူလိုင်လ၊ ပထမပတ်တွင် ဖလမ်း-ဟားခါးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအသေအဆုံးများပြီး ဖလမ်း-ဟားခါးကြားရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။