ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲများတွင်ပါ၀င်သောကြောင့် ၀ရမ်းအထုတ်ခံရသူ ပုသိမ်ဒေသခံ အမျိုးသားတစ်ဦးကို ၀င်ရောက်ရှာဖွေရာတွင်မတွေ့သောကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှသိရှိရသည်။

ဒီဇင်ဘာလ ၈ရက်နေ့ ညပိုင်းက ပုသိမ်မြို့အမှတ် ၆ ရပ်ကွက်ရှိ ဦးဇော်သန့်၏နေအိမ်ကိုစစ်ကောင်စီ တပ်၊ ရဲ များကဝင်ရောက်ရှာဖွေရာတွင် မတွေ့သောကြောင့် ဇနီးဖြစ်သူဒေါ်သဥ္ဇာအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းမျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

“ဦးဇော်သန့်က အိမ်မှာမရှိတာ သုံးနှစ်လောက်ကြာပြီ။ ဖမ်း၀ရမ်းထုတ်ထားတဲ့သူပြန်ရောက်နေတယ်ကြားလို့ဆိုပြီး လာဖမ်းတာမတွေ့လို့သူ့ဇနီးကိုဖမ်းသွားတာ။ သူလာအဖမ်းခံရင် ပြန်လွှတ်ပေးမယ်ပြောတယ်လက်ရှိစစ်ကြောရေးမှာ သူ့ယောင်္ကျားကို ဆက်သွယ် ခိုင်းနေတယ်လို့သိရတယ် “ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

စစ်ကောင်စီက လာရောက်ဖမ်းဆီးသော ဦးဇော်သန့် သည် ပုသိမ်မြို့တွင် လူမှုရေး ၊ ဘာသာရေး လုပ်ငန်းများကို တက်ကြွစွာပါ၀င်ဆောင်ရွက်ခဲ့ပြီး ပုသိမ်မြို့ ကိုဗစ် ၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး အဖွဲ့တွင် စေတနာ၀န်ထမ်းအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ကာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့သောကြောင့် ၀ရမ်းထုတ်ခံရခြင်း ဖြစ်သည်။

ပုသိမ်မြို့တွင် ဖမ်း၀ရမ်းထုတ်ခံရသူများပြန်ရောက်နေသည်ဟု ဆိုကာာ ဖမ်းဆီးရာမှာမတွေ့ပါက မိသားစုအပါအ၀င် ပတ်သတ်သူများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး အနည်းဆုံး ၁၅ ဦးကျော်ရှိနိုင်ပြီး အကြမ်းဖက် မှုကို အားပေးသည့်ပုဒ်မများနှင့် ထောင်ချခံရသူများရှိကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သည့် အသိုင်းအဝိုင်းကသိရှိရသည်။

စစ်ကောင်စီက လိုက်လံ ရှာဖွေနေသူများသည် ပုဒ်မ ၅၀၅ ၊ပုဒ်၂၅၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၂၄ များနှင့်ဖမ်းဝရမ်းထုတ်ခံရသူများဖြစ်ပြီး ပုသိမ်မြို့ကိုပြန်လည်လာရောက်ခြင်းမရှိကြောင်းဒေသခံများထံမှသိရှိရသည်။

ပုံစာ-ပုသိမ်တွင်ရပ်ကွက်အတွင်းဝင်လာသည့် စစ်ကောင်စီတပ်သားများ

#ပုသိမ် #၀ရမ်းထုတ်ထားသူ #ရှာမတွေ့ # ဇနီးဖြစ်သူကို #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times