
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၁၀ ရက်)
မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်မီးတောက်လောင်နေပြီး ပြည်သူတွေဟာ စစ်ပွဲတွေကြောင့် ထိခိုက်မှု အန္တရာယ်ကို ကြုံတွေ့နေရပါတယ်။ စစ်အတွင်းမှ စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာစိန်ခေါ်မှုများကို ကြုံတွေ့နေရသလို တပြိုက်နက်ထဲမှာပဲ စစ်လက်နက် ထိခိုက်ဒဏ်ရာတွေကို ကုသပေးနိုင်ဖို့ အခြေအနေတွေ ကိုလည်း ရင်ဆိုင်နေရပါတယ်။
စစ်ပွဲတွေကြားမှာ နေထိုင်နေရတဲ့ ကိုယ်ဝန်ဆောင်၊ နိုချိုတိုက်ကျွေးမိခင် ၊ မွေးကင်းစ၊ ကလေးသူငယ်ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ ဦးစားပေးရမယ့် ကျန်းမာရေး ကိစ္စတွေပဲ ဖြစ်ပါတယ်။
#အစာအာဟာရမမျှတခြင်း(Malnutrition)
အစာအာဟာရမမျှတခြင်း (Malnutrition)ဟာ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရ ပမာဏ အချိုးစားမှန်ကို မစားရတဲ့အခါ အစာအာဟာရမမျှတခြင်း ဖြစ်လာပြီး ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေပါတယ်။
အစာအာဟာရ မမျှတခြင်းဆိုတဲ့အတိုင်း အစာအာဟာရ မလုံလောက်တာကြောင့် ငတ်မွတ်ခေါင်းပါး ပိန်လှီ သေးသွယ်ခြင်း ဖြစ်နိုင်သလို အစားအသောက် အချိုးအစားမမျှတဘဲ ပိုလျှံအဆီပိုတွေကြောင့် အဝလွန်ခြင်းကိုပါ ဖြစ်နိုင်ပါတယ်။
အစာအာဟာရမမျှတခြင်းရဲ့ ဒဏ်ကို ငယ်ရွယ်တဲ့ ကလေးတွေ၊ ဆယ်ကျော်သက် လူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သိသိသာသာတွေ့ရပါတယ်။
#စစ်အာဏာသိမ်းခြင်းနှင့်ကလေးငယ်များ
စားနပ်ရိက္ခာရှားပါးခြင်း၊ ကုန်စျေးနှုန်းတိုးမြင့်ခြင်း၊ လောင်စာဆီပြတ်လပ်ခြင်း လျှပ်စစ် မီးမရရှိခြင်း၊ အင်တာနက်ဆက်သွယ်ရေးဖြတ်တောက်ခံထားရခြင်း တွေဟာလည်း ကျန်းမာရေးကို သက်ရောက်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံနေရာတော်တော်များများမှာ ကလေးသူငယ်တွေရဲ့ကျန်းမာရေးရပိုင်ခွင့်တွေ ဆုံးရှုံးနေတာဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပါတယ်။
ကလေးတစ်ယောက် ကျန်းမာခြင်းအတွက် ကာကွယ်ဆေး၊ အစာအာဟာရ၊ ဆေးဝါးကုသမှု နဲ့ ကောင်းမွန်တဲ့ ထိန်းကျောင်းမှုတွေဟာ ရယူပိုင်ခွင့်ရှိရမယ့် လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာတော့ကာကွယ်ဆေးလည်းမရနိုင်တော့ပါဘူး။ သိန်းနဲ့ သောင်းနဲ့ ချီတဲ့ လူတွေဟာလည်းအငတ်ဘေးကြုံ နေကြပါပြီ။ ကလေးသူငယ်တွေမှာ ဖြစ်တတ်တဲ့ အာဟာရမပြည့်ဝခြင်းတွေ အဖြစ်များနေတာကိုလည်း စိတ်မချမ်းမြေ့စရာ သိရှိခဲ့ရပါတယ်။
#ကလေးသူငယ်များအာဟာရမပြည့်ဝခြင်း
၆လ အောက်ကလေးငယ်များကို နို့ချိုစနစ်တကျတိုက်ကျွေးဖို့လိုပါတယ်။ မွေးဖွားတဲ့ အချိန်က စပြီး အသက် ၆လပြည့်တဲ့ အချိန်အထိ မိခင်နို့ချိုတစ်မျိုးတည်းသာ ကလေးကို တိုက်ကျွေးရပါမယ်။ မိခင်နို့ချိုက ကလေးအတွက် လိုအပ်တဲ့ အာဟာရ ပြည့်စုံ လုံလောက်တဲ့အပြင် ရောဂါတွေကိုတိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားကိုလည်း တိုးမြင့် စေပါတယ်။
၆ လ အောက်ကလေးတွေမှာ အာဟာရမပြည့်ဝခြင်းကတော့ မိခင်နို့ချိုစနစ်တကျ မတိုက် ကျွေးဘဲ အခြားစားစရာတွေကို စတင်မြည်းစမ်းကျွေးတာကြောင့်ဖြစ်ပါတယ်။ ရေတိုက်ခြင်း၊ ပျားရည်ကျွေးခြင်း၊ ဆန်ပြုတ်၊ အသားပြုတ်ရည် ကျွေးခြင်းတွေကြောင့် ကလေးငယ်ရဲ့ ဖွံ့ဖြိုးနေဆဲအူအတွင်းနံရံ တွေမှာရှိတဲ့ အာဟာရစုတ်ယူရာ နေရာလေး တွေကိုပျက်စီးစေပါတယ်။
အဲ့ဒီလို ဖြစ်လာတဲ့အခါ ကလေးငယ်က ဝမ်းလျှောပါတယ်။ အကြိမ်ကြိမ်ဝမ်းလျှောပြီး အာဟာရကောင်းစွာမစုပ်ယူနိုင်တော့ဘဲ အာဟာရမပြည့်ဝတဲ့ ကလေးဖြစ်သွားပါ တော့တယ်။ ဒါကြောင့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တဲ့ မိခင်နို့ကိုသာ ရင်သွေးငယ် တွေကိုတိုက်ကျွေးသင့်ပါတယ်။
#၆လအထက်ကလေးငယ်များနှင့်ဖြည့်စွက်စာ
ကလေးငယ် အသက်၆လအရွယ်ရောက်ပါက မိခင်နို့ချိုအပြင်ဖြည့်စွက်စာများကိုပါ ထည့်သွင်းကျွေးပေးရပါမယ်။ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အပါအဝင် အာဟာရအားလုံးကို အစုံအလင်ကျွေးပေးရပါမယ်။ ကလေးအတွက် ဖြည့်စွက်စာ ပြုလုပ်တဲ့ အခါမှာ အစာသန့်ရှင်းရေးကို ဂရုစိုက် အလေးထားပြီး ပြင်ဆင် ချက်ပြုတ်ရပါမယ်။
ကလေးကြီးများကိုလည်း အစားအသောက်အစုံ ကျွေးမွေးရမှာဖြစ်ပါတယ်။ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်စားသောက်ကုန်တွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆံ၊ အနှံ အစုံအလင် ကျွေးမွေးရပါမယ်။ ဇီဇာကြောင်ပြီး မစားမသောက် အစာချေးများခြင်းကလည်း အာဟာရမမျှတခြင်းကို ဖြစ်စေနိုင်ပါတယ်။
သန်ချဆေး ၆လ တစ်ခါ တိုက်ကျွေးခြင်းဖြင့် ကပ်ပါးသန်ကောင်တွေကြောင့် ဖြစ်တတ်တဲ့ အာဟာရမမျှတခြင်းကို ကာကွယ်နိုင်ပါတယ်။
အာဟာရမမျှတခြင်းခံစားနေရသူတွေမှာ အစာစားချင်စိတ်လျော့နည်းခြင်း၊ ပါးစပ်ပျက်ခြင်း၊ ခံတွင်းမလိုက်ခြင်း၊ မောပန်းလွယ်ခြင်း၊ အားမရှိသလိုခံစားနေရခြင်း ကျန်းမာရေးချူချာခြင်း၊ နေမကောင်းဖြစ်ပါက နာလံထူရန်အချိန်ကြာခြင်း၊ ဒဏ်ရာ ရပါက အနာကျက်ရန်အချိန်ကြာခြင်း၊ စိတ်အာရုံမစူးစိုက်နိုင်ခြင်း အမြဲတမ်းလိုလို အေးစက်နေတတ်ခြင်း တွေကို ခံစားရနိုင်ပါတယ်။
#အာဟာရမမျှတခြင်း (Protein Energy Malnutrition-PEM)
ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)က ကြီးထွားဖွံ့ဖြိုးခြင်း ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းခြင်းတွေကို ထိခိုက်စေတဲ့ အစာအာဟာရချို့တဲ့ခြင်းရောဂါတွေကို protein-energy malnutrition (PEM) ပီအီးအမ် အာဟာရမမျှတခြင်းရောဂါလို့ အမည်ပေးပြီး တိုက်ဖျက်တားဆီးလျက်ရှိပါတယ်။
ကလေးငယ်များ အာဟာရမပြည့်ဝခြင်းကြောင့် ပီအီအမ်ရောဂါများ ကြုံတွေ့ခံစား နေရပါတယ်။ ကမ္ဘာဆင်းရဲတဲ့နိုင်ငံတွေ အာဖရိကနိုင်ငံတွေ စစ်ဖြစ်ပွားတဲ့နိုင်ငံတွေမှာ အများပြားတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေမှာလည်း တွေ့ရပါတယ်။ စစ်ရှောင်ဒေသတွေမှာလည်း နောက်ထပ်နောက်ထပ် (ပီအီးအမ်) အဟာရမမျှတခြင်း ရောဂါသည် ကလေးငယ်တွေ အများကြီးကြုံတွေ့လာရမှာဖြစ်ပါတယ်။
“မာရွက်စမတ်” အာဟာရချို့တဲ့ရောဂါ (Marasmus) ခန္ဓာကိုယ်အတွက် ပမာဏအနည်းငယ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့ယွင်းတဲ့အခါ Marasmus ရောဂါအနေနဲ့ ကြုံလာရတတ်ပါတယ်။ အဲ့ဒီလို ရောဂါခံစားနေရတဲ့ အသက်၅နှစ် အောက်ကလေးငယ် တွေဟာ နေ့စဉ်လိုအပ်တဲ့စွမ်းအင်ကယ်လိုရီ မလုံလောက် တာကြောင့် ခန္ဓာကိုယ်အဆီပြင်နဲ့ ကြွက်သားတွေ ကျုံလှီပိန်းပါးနေပါတယ်။ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်း ကိုယ်အလေးအချိန် မရှိနိုင်ဘဲ သေးနေ ညှပ်နေပါမယ်။
ဆင်းရဲမွဲတေမှုရဲ့ သင်္ကေတ အသားဓာတ်ချို့တဲ့အာဟာရ မလုံလောက်မှုဒဏ်တွေကို ကလေးတွေ ကြုံတွေ့ရတဲ့အခါ “ကွာရွှာကော” အသားဓါတ်ချို့တဲ့ရောဂါ (Kwashiorkor) ရောဂါဖြစ်လာကြပါတယ်။ ခြေထောက်လက်ထောက်ကလေးများ ပိန်လှီးသွယ်နေပြီး လက်ဖမိုး ခြေဖမိုးများ ဖောရောင်အမ်းနေတတ်ပြီး မျက်တွင်း ဟောက်ပက် ကြွက်သား တွေသေးညှပ်သွားပြီး ပိန်ပိန်သေးသေး ဖွံဖြိုးမှုနှေးကျန်ခဲ့ပါတော့တယ်။ သွေးအား နည်းခြင်း ကဲ့သို့ ရောဂါတွေလည်းယှဉ်တွဲပြီဖြစ်တတ်ပါတယ်။
အခု ကျွန်တော်ပြောပြနေတဲ့ အာဟာရချို့တဲ့တဲ့ရောဂါတွေကို မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေမှာ စတင်ခံစားနေရပြီဖြစ်ပါတယ်။ စစ်ကာလကြာရှည်လာလေလေ စားနပ်ရိက္ခာရှားပါးလေလေ အာဟာရချို့တဲ့ကလေးလူနာတွေ့ရလေလေပဲဖြစ်ပါတယ်။
ဒါကြောင့်စစ်ရှောင်စခန်းမှာရှိတဲ့ ပြည်သူတွေကို အစာအာဟာရတွေ မျှဝေကူညီကြပါ။ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ နို့ နဲ့ ဥ တွေကို ကျွေးမွေးပေးကြပါ။ နိုတိုက်မိခင်များလည်း ကျန်းမာအောင် အာဟာရပြည့်ဝအောင်စားသောက်ကြပါ။ ဆိုးရွားတဲ့ အချိန်တွေကို ကြံ့ကြံ့ခိုင် ကျော်လွှားနိုင်ကြပါစေ။ အဆိုးသံသရာမှလွတ်မြောက်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
နောက်တပက်မှာ စစ်ကြောရေးနှင့် ထောင်အတွင်းနှိပ်စက်ခံထားရသူတွေ စစ်ကြောင့် ခြေလက်အင်္ဂါဆုံးရှုံးထားရသူတွေမှာ ကြုံတွေ့နေရတဲ့ စိတ်အခြေအနေတွေအတွက် ကုစားခြင်းနည်းလမ်းတွေကို ဖော်ပြသွားမှာပါ။ စောင့်မျှော်အားပေးဖတ်ရှုနေကြတဲ့ AyeyarwaddyTimes ပရိသတ်များအားလုံးလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ဓာတ်ပုံ-ကရင်နီစစ်ဘေးရှောင်များ
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ပွဲတွေကြားကအာဟာရချို့တဲ့ရောဂါများ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)