ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာလ ၁၀ ရက်

တနင်္သာရီမြို့နယ် ၊ ရေဖြူကျေးရွာတွင် ခရီးသည်တင်ယာဥ်များကို စစ်ဆေးကာ ငွေကြေးတောင်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ရာ စစ်ကောင်စီတပ်သား နှစ် ဦး သေဆုံးသွားကြောင်း KTLA – tcjf ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

ရေဖြူကျေးရွာ စစ်ကောင်စီ ဗျူဟာအနီး ကမ္ဘောဇဆီအုန်း ကုမ္ပဏီအရှေ့တွင် ခရီးသည် ယာဥ်များကို စစ်ဆေးကာ ငွေကြေးတောင်းယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် နံနက် ၉နာရီ၃၀ မိနစ်ခန့်တွင် တောင်ပိုင်းညီနောင် တပ်ပေါင်းစု စစ်ကြောင်း( SBA)က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“အဲဒီ အနားမှာ သူတို့ (စစ်ကောင်စီတပ်) က တစ်လကို ငါးကြိမ်လောက်ထွက်ပြီး စစ်ဆေး တယ်။ ခရီးသည်တင်ကားတွေ နဲ့ ဆိုင်ကယ်တွေ ဆီကနေပြီး ငွေတောင်းတယ်။ ဆက်ကြေးသဘောမျိုးကောက်တာပေါ့။ ခရီးသည်တွေကို စစ်ဆေးနေတုန်းမှာ ပစ်တာ မဟုတ်ဘူး။ ခရီးသည်တွေ လွန်သွားမှ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ တာပါ။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိဘူး” ဟု KTLA -tcjf ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီ က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မိနစ် ၃၀ ခန့်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို (SBA) စစ်ကြောင်း ဖြစ်သည့် KTLA -tcjf ၊ ထီးစဲ့မယ်ရွာ တပ်ရင်း ၊ ခွဲ -( ၃ ) နှင့် ညီနောင်တပ်ဖွဲ့ များဖြစ်သော ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း နှင့် People Liberation Army တို့မှလုပ်ဆောင် ခဲ့ခြင်းဖြစ်ကာ တော်လှန်ရေး ပူးပေါင်း တပ်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

တောင်ပိုင်းညီနောင် သုံးဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း တနင်္သာရီ က စစ်ကောင်စီ၏ ထုံခါရဲဘက် အကျဥ်း စခန်းကို တောင်ပိုင်းညီနောင် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည်။

Southern Brother Army (SBA) ခေါ် တောင်ပိုင်းညီနောင် သုံးဖွဲ့ကို ကော်သူးလေ တပ်မတော်(KTLA) ၊ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ People Liberation Army တို့ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-KTLA – tcjf

#ရေဖြူရွာ #ခရီးသည်တင်ယာဥ်များ #စစ်ဆေးငွေကြေးတောင်းယူ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #တိုက်ခိုက်ခံရ #၂ဦးသေဆုံး #Ayeyarwaddy_Times