
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စေလွှတ်ခံရသည့် တပ်မ (၉၉) မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးနှစ်ဦးကို အမိန့်အာဏာဖီဆန်သဖြင့် စစ်ကောင်စီက အရန်အင်အားသို့ ပို့ရန် စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှ ယာယီနည်းဗျူဟာမှူးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး အောင်တင်၀င်းနှင့် ဒုတိယဗိုလ်မှူးကြီး ခွန်မိုးအောင်တို့သည် ရှမ်းမြောက်သို့ စေလွှတ် ရာတွင် ရှေ့တန်းသို့မသွားလိုကြောင်း အမိန့်အာဏာကို ငြင်းဆိုခဲ့သည့်အတွက် အရန် အင်အားသို့စာရင်းတင်သွင်းခံရပြီး လက်ရှိတွင်မူ တပ်တွင်း၌ပင် တွဲဖက်အနေဖြင့် ထားရှိကြောင်း အလယ်ပိုင်းတိုင်းရှိ တပ်တွင်းသတင်း ရင်းမြစ်ထံက သိရသည်။
“ယာယီဗျူဟာမှူး နှစ်ယောက်ကို အစားထိုးခန့်တာ သူတို့နှစ်ယောက်ကပါ အခုလို လုပ်တော့ အရန်အင်အားကို စာရင်း၀င်သွားတယ်။ ဒါပေမဲ့ အစားထပ်ထိုးဖို့ လူမရှိတော့ လက်ရှိတပ်မှာပဲ တွဲဖက်ထားထားရတယ်။ ရှမ်းမြောက်ကို သွားဖို့ ငြင်းကြတာ”ဟု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
၎င်းတို့၏ နေရာကို နေပြည်တော်ကောင်စီနယ်မြေ မိုးဆွေရွာ အခြေစိုက် အမှတ်(၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၂)မှ နည်းပြအရာရှိ ချုပ် ဗိုလ်မှူးကြီး မြတ်ကိုလင်းကို တမခ (၉၉) ၏ နည်း ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ထို့အပြင် တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက၂)မှ ဌာနမှူး (ခြေလျင်သင်တန်းဌာန)မှ ဒုတိယဗိုလ်မှူးကြီး လှမျိုးထွန်းကိုမူ တမခ (၉၉)တွင် ယာယီနည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရသည်ဟု ဆိုသည်။
ယင်းသို့ ပြောင်းရွှေ့ခန့်အပ်ခံရသည့် ရာထူးနေရာများသည် မကြာသေးမီ ရက်ပိုင်း အတွင်းက ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲအတွင်း သေဆုံးသွားသည့် တပ်မမှူးနှင့် ဗျူဟာမှူးတို့၏ ရာထူးနေရာများဖြစ်သည်။
ရှမ်းမြောက်ဒေသ၊ ပန်လုံဗျူဟာကုန်းကို ကိုးကန့်တပ်မတော်(MNDAA) နှင့် ရက္ခိုင့် တပ်တော်(AA) ပူးပေါင်းအဖွဲ့က နို၀င်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ဗျူဟာကုန်းကို ဒရုန်းဗုံးချ၍ တိုက်ခိုက်စဉ် မုံးကိုးအခြေစိုက်တပ်မ (၉၉) မှ ဗိုလ်မှူးချုပ် အောင်ကျော်လွင် အပြင် တပ်မ(၉၉)လက်အောက်ခံ ခမရ-၁၁၃ နှင့် ခမရ-၄၁၈ မှ အရာရှိ၊ အရာခံ တပ်သားများလည်း သေဆုံးမှုများကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဓာတ်ပုံ၊ ရုပ်သံ မှတ်တမ်းများနှင့်တကွ ထုတ်ပြန်ခဲ့သည်။
သေဆုံးခဲ့သည့် ဗိုလ်မှူးချုပ် အောင်ကျော်လွင်သည် ယခင်က ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်နေရသည့် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈)မှ ဗိုလ်မှူးကြီး ဖြစ်ပြီး ဩဂုတ်လအတွင်းက မိတ္တီလာမြို့အခြေစိုက် အမှတ်(၉၉) တပ်မမှူး ကျော်ထွန်းအောင် ရာထူးတိုးပြောင်းရွှေ့သွားသဖြင့် ၎င်းကိုအစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ တပ်မ(၉၉) သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာပေါင်းများစွာမှ ဒေသခံ ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ သည့်အပြင် နာမည်ဆိုးဖြင့် ကျော်ကြားသည့်ဘီလူးစစ်ကြောင်းသည် စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှ ဒေသခံများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် တပ်မ ဖြစ်သည်။
ယင်းသို့ နာမည်ဆိုးဖြင့်ကျော်ကြားသည့် တပ်မ(၉၉) သည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ များအပေါ် လိင်အကြမ်းဖက်ခြင်းအပါအ၀င် အခြားအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ သောကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ဗြိတိန်အစိုးရ၏ ဒဏ်ခတ်ပိတ် ဆို့အရေးယူခြင်းကို ခံထားရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-တပ်မ (၉၉) မှ စစ်ကောင်စီတပ်သားများ
#ကျဆုံးမှုများ #ရှမ်းမြောက်ဒေသငြင်းဆန် #တပ်မ၉၉ #ယာယီနည်းဗျူဟာမှူး #ဒုဗိုလ်မှူးကြီး #အရန်အင်အားအပို့ခံရ #Ayeyarwaddy_Times