ဧရာဝတီတိုင်းမ်
(မုန်း)၊ ဒီဇင်ဘာ ၉ ရက်

တောင်ပိုင်းတိုင်းစစ်ဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖားစည်ဟိန်းသံ နှင့် ဆယ်လမွန်စစ်ဆင်ရေး ကို စတင်ခဲ့ပြီး မုန်းမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံး ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ ကထုတ်ပြန် ထားသည်။

ထို့ပြင် စစ်ဒေသခွဲ (၂) အနေဖြင့် စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် စစ်ဆင်ရေး တိုးမြှင့် ဆောင်ရွက်သွားရန်ရည်ရွယ်ထားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် ဆောင်ရွက်ပေးနေသူများ အားလုံး ပြည်သူဘက်သို့ ပူးပေါင်းကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်မယ် ဆိုတာကတော့၂၀၂၃ အစထဲက ကျွန်တော်တို့ ပြောခဲ့တာပေါ့နော်။ မြို့သိမ်းတိုက်ပွဲတွေမကြာခင်မှာဆင်နွှဲတော့မယ်ဆိုပြီး NUG၊ MOD အနေနဲ့ကော၊ မဟာမိတ်အဖွဲ့အစည်းတွေကကော ထုတ်ပြန်ကြေညာ ထားတာမျိုး ရှိပါတယ်။ ဒီဟာကိုပြောတဲ့အတိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ CDM ဆိုတဲ့ ဂယ်ပေါက်ကလည်း အခုချိန်ထိဖွင့်ထားပေးတုန်းပါပဲ။ အလင်း၀င်ဖို့ လက်နက်ချဖို့ ဒါဆိုရင်တော့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီးသား ဖြစ်မယ်ဆိုတဲ့ မက်ဆေ့ခ်ျ တွေလည်းပေးချင်တယ် ” ဟု အမှတ်(၂)စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူ စောဒိုရှင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မုန်းမြို့သိမ်းတိုက်ပွဲအတွင်း ခမရ-၅၉၀ တပ်ရင်း၊ မုန်းမြို့ရဲစခန်း၊ ကော့ပြင်းရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ-၅၉၉ တပ်ရင်း၊ မုန်းသာစည် တံတားကင်းတို့လည်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၂၁ ဦး လက်နက်ချခဲ့ပြီး တပ်မိသားစုဝင် ၅၈ ဦးကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ စောင့်ရှောက်ထားကြောင်း သိရသည်။

“လက်ရှိ မုန်းဒေသကတော့ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။ ဒီလိုပဲသူတို့ဘက်ကလည်း ပြန်ပြီးတော့ ရဖို့တော့ ကြိုးစား ကြမှာပါ။ သို့သော်လည်း တစ်နိုင်ငံလုံးစစ်မျက်နှာဖွင့်နေတဲ့ အခြေအနေမှာ သူတို့ ပြန်ပြီးကြိုးစားရင်လည်း အချည်းအနှီးတော့ဖြစ်မှာပါ။ လက်ရှိကတော့ စစ်ရေးအခြေ အနေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု အမှတ်(၂)စစ်ဒေသခွဲ ပြန်ကြားရေး တာဝန်ရှိသူက ဆက်လက်ပြောသည်။

မုန်းမြို့ မြိုသိမ်းတိုက်ပွဲကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက် ရေးတပ်မတော် (BPLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ဆင်ရေး တိုးမြှင့်မည်ဖြစ်၍ ပြည်သူများ အနေဖြင့်လည်း သက်ဆိုင်ရာ သတင်းဌာန၊ ရေဒီယို များမှ ထုတ်ပြန်ကြေညာချက်များကို နားထောင်၍ စစ်မက်ဖြစ်ပွားရာ ဒေသများနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့ကို အထူးသတိပြုကြရန် အမှတ်(၂)စစ်ဒေသခွဲမှ တိုက်တွန်းပြောကြားထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်တောင်းမြစ်ဝှမ်းဒေသ #စစ်ဆင်ရေးတိုးမြှင့် #တောင်ပိုင်းတိုင်းစစ်ဒေသ #အမှတ်၂စစ်ဒေသခွဲ #မုန်းမြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ၁၀၀ကျော်သေ #Ayeyarwaddy_Times