
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၄၀၀၀ နီးပါးစျေးတက်လာသည့်အတွက် ကျေးလက်ဒေသ ပို့ဆောင်ဆက်သွယ်ရေးခက်ခဲလာကြောင်း ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံများထံမှသိရသည်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်း အိမ်မဲနှင့် ဝါးခယ်မမြို့တို့တွင် ဓာတ်ဆီတစ်လီတာ လျှင် ကျပ် ၄၀၀၀ နီးပါးအထိ စျေးတတ်လာခဲ့ပြီးနောက် ကျေးရွာများမှ ဒေသထွက်ကုန်များ သယ်ယူရောင်းချရာတွင် ပို့ဆောင်ဆက်သွယ်ရေးအတွက် အခက်အခဲ ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
“ဓာတ်ဆီစျေးက တစ်လီတာ ကို ၃၆၀၀ အထိဖြစ်သွားတော့ ကယ်ရီမောင်းတဲ့နေရာမှာ အရင်လိုမထွက်နိုင်တော့ဘူး။ ရွာမှာဆို တစ်ဘူး ၄၀၀၀ အထိရောင်းနေကြတာ၊ အရင်က ၅၀၀၀ လောက်ရတဲ့ခရီးက အခု ၈၀၀၀ လောက်တောင်းနေရတော့ အရေးကြီးကိစ္စမဟုတ်ရင် ဘယ်သူမှမသွားကြတော့ဘူး။ ဆီစျေးကတော်တော်အခက်တွေ့နေရတယ် “ဟု ကျောင်းကုန်းမြို့နယ်မှ ဆိုင်ကယ်ကယ်ရီမောင်းသည့် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဓာတ်ဆီစျေးတက်သည့်အပြင် ဝယ်ယူရန် ခက်ခဲသည့်အတွက် သွားလာရေးသာမဟုတ်ပဲ ဒေသထွက်ကုန်များ ပို့ဆောင်ရာတွင်လည်း နေ့စဥ်ပို့ဆောင်နိုင်ခြင်းမရှိပဲ ရက်ခြားပို့ဆောင်နေရကြောင်း ဒေသခံများထံမှသိရသည်။
“အရင်က ခြံထွက်သီးနှံ့တွေကို နံနက် ၄ နာရီလောက် ထပြီး စျေးကိုလာပို့တာ အဆင်ပြေတယ်။ အခုတော့ နှစ်ရက် တစ်ခါပဲ လာပို့နိုင်တော့တယ်။ ဆီစျေး ကတက်လာတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး ၊ ဒီထက်ထပ်တတ်ရင် လမ်းပဲလျှောက်ရတော့မယ် “ဟု ရွာသစ်ကျေးရွာမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်း အတွင်း ဓာတ်ဆီစျေးနှုန်းများမှာ ဒီဇင်ဘာ ၆ ရက် နေ့မှ ၉ ရက်နေ့အတွင်း တစ်လီတာလျှင် ၂၃၀၀ ကျပ်မှ ကျပ် ၄၀၀၀ အထိ စျေးမြင့်တက်လာခဲ့ကာ ဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူနေရပြီး အချို့နေရာများတွင် ဆီဆိုင်တွင် နေရာဦးကာ နေရာရောင်းစားခြင်းများပါ ပြုလုပ်နေကြကြောင်း သိရသည်။
#ကျောင်းကုန်း #အိမ်မဲ #ဝါးခယ်မ #ဓာတ်ဆီတစ်လီတာ #ကျပ်၄၀၀၀နီးပါး #ပို့ဆောင်ဆက်သွယ်ရေးအတွက်အခက်အခက်ကြုံ #Ayeyarwaddy_Times