
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဒီဇင်ဘာလအတွင်း မူးယစ်ဆေးဝါး ရောင်းချမှုများကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များမှ စီမံချက်နှင့်ဖမ်းဆီးနေသော်လည်း အဓိကရောင်းချနေသူများကို ဖမ်းဆီးခြင်းမတွေ့ရပဲ၊ အနည်းငယ်၀ယ်ယူသုံးစွဲသော လူငယ်များကိုဖမ်းဆီးနေကြောင်း မြို့ခံများထံက သိရသည်။
လက်ရှိတွင် ဒီဇင်ဘာလအတွင်း ၀ယ်ယူသုံးစွဲသူ လူငယ်အမျိုသားရှစ်ဦးအထိ ဖမ်းဆီးခံထားရပြီး WYဆေးပြားနှင့် ဆေးခြောက် အနည်းငယ်တို့ တွေ့ရှိသဖြင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြောင်းသိရသည်။
“မူးယစ်ဆေး အဖမ်းပြနေတာ ရောင်းနေတဲ့ လူကိုမိတယ်လို့ တစ်ခါမှမကြားရဘူး။ သုံးမိတဲ့ကလေးတွေကတော့ မိကုန်တာပေါ့”ဟု မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဒီဇင်ဘာ၇ရက်နေ့ကလည်း ပုသိမ်မြို့တွင် နေထိုင်သည့် လူငယ်နှစ်ဦးသည် ၀ယ်ယူထားသည့် WYဆေးပြား၁၀၀ခန့်ကို ရွှေစေတီလမ်းရှိကားဂိတ်တွင် လာရောက်ထုတ်ယူစဥ် စောင့်ကြိုဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှသိရှိရသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါးလာရာက်ထုတ်ယူသည့် လူငယ်များကို သတင်းအတိအကျဖမ်းဆီးနိုင်ခြင်းသည် ရောင်းချနေသော သူများမှ သတင်းပေး အဖမ်းပြခိုင်းခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ သုံးသပ်ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလာပြီး မူးယစ်ဆေးဝါးရောင်းချမှုအပါအ၀င် လောင်းကစားမှုနှင့် ဒုစရိုက်မှုများ ဖော်ထုတ်ဖမ်းဆီးခြင်း လျော့နည်းလာကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
ပုံစာ-ပုသိမ်မြို့မြင်ကွင်းတစ်နေရာ
#ပုသိမ်မြို့ #ဒီဇင်ဘာလ #မူးယစ်ဆေး #ရောင်းချမှု
#စစ်ကောင်စီ #ရဲများ #စီမံချက်နှင့်ဖမ်းဆီး #Ayeyarwaddy_Times