
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဒီဇင်ဘာ ၉ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို ယမန်နေ့ ဒီဇင်ဘာ ၈ ရက်၊ ည ၈ နာရီတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ-၅ က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပဲခူးရိုးမအတွင်း ဝင်ရောက်ရာလမ်းတွင် စစ်ကောင်စီက အင်အား ၁၅ ဦးဝန်းကျင်ဖြင့် ဂိတ်စခန်းချကာ ပြည်သူများထံမှ ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ရဲတပ်သားကောင်းမိုးထက်ဆိုသူတို့ သေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
“ရိုးမအဝင်မှာ ဂိတ်ချပြီး ပိုက်ဆံတောင်းနေကြတာ။ တိုက်ပွဲက စစခြင်းမှာပဲ စစ်သား နှစ်ယောက်ကို ရှင်းလိုက်နိုင်တယ်။ အလစ်ဝင်တိုက်တဲ့အချိန်မှာ သူတို့မှာ လက်နက် မရှိတော့။ စတိုက်ကတည်းက စခန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ သွားတိုက်ခိုက်တာ။ သူတို့ဘက်က စစ်ကူ ၁၀၀ လောက်ပို့လာလို့ပြန်ဆုတ်ခဲ့ရတယ်” ဟု PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ တာဝန်ရှိသူရဲဘော်ရိုးမက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တစ်နာရီခွဲကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း ဖုန်း နှစ် လုံး၊ ဓာတ်မီး နှစ် လက်၊ ငွေသား ၂၀၀၀၀ ကျပ်၊ သက်သေခံကတ်ပြား ခုနစ်ခုနှင့် ကျည် ၁၇ တောင့်ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်မှာ ပဲခူးရိုးမသို့ဝင်ရောက်ရာလမ်းတွင် စခန်းချထားသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး ဒေသခံများအပေါ်တွင် ခြိမ်းခြောက်ငွေတောင်းခံမှုများရှိကာ တိုင်ကြားမှုများရှိသည့်အတွက် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ပဲခူးရိုးမအတွင်းရှိ ခါချဉ်တောင်အနီးတွင် ကင်းပုန်းဝပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – သိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများ
#မင်းလှ #စစ်ကောင်စီဂိတ်စခန်း #တိုက်ခိုက်ခံရ #ပဲခူးရိုးမ #PDFတပ်ရင်း၃၈၀၂ #Ayeyarwaddy_Times