
ဧရာဝတီတိုင်းမ်
(ခမ်းပတ်)၊ ဒီဇင်ဘာ ၉ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်က မြို့အဝင်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ကင်းစခန်းကို လာရောက်ပိတ်ဆို့ထားသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပါက လေကြောင်းနှင့် လက်နက်ကြီးရန်ကို ကြောက်လန့်သည့်အတွက် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်၍ ဒေသခံများထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်သည်။
“ခမ်းပတ်မြို့အဝင် ကင်းစခန်းကို စစ်ကောင်စီတပ်က လာဝိုင်းတယ်ဆိုတော့ မြို့ထဲနဲ့ တအားနီးနေပြီ။ ဒါကြောင့် ပြည်သူတွေက စိုးရိမ်ပြီးတော့ ပြေးကြတယ်ပေါ့နော်။ စစ်ကောင်စီရဲ့ တည်နေရာကိုတော့ အတိအကျမသိရသေးဘူး။ မြို့အဝင်က ကျွန်တော်တို့လူတွေကို လာသတ်သွားတယ်ဆိုတာလောက်ပဲ သိရသေးတယ်။ အင်အားကတော့ ၂၀၀ ၊ ၃၀၀ ဝန်းကျင်တော့ရှိမယ်လို့ သိရတယ်။ တိုက်ပွဲကတော့ ပြင်းထန်မှာပဲ။ ကြိုတင်ပြင်ဆင်မှုကတော့ ပြောလို့မရသေးဘူးပေါ့နော်”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)၏ ပြောခွင့်ရဆလိုင်းဗန်ကီးယိုက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ခမ်းပတ်မြို့၊ အရှေ့ဘက်တွင် ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခုနှစ် ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က အလစ်အငိုက်ဖမ်းဆီးခဲ့ပြီး လေးဦးကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်၍ နှစ်ဦးကို ပြင်းထန်ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကာ ကျန်တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
“ခမ်းပတ်မြို့က အိန္ဒိယနဲ့လည်း နီးစပ်တယ်ဆိုတော့ အိန္ဒိယအစိုးရဆီမှာ သူတို့ အရှက်ကွဲတာပေါ့နော်။ မြန်မာပြည်သူတွေကြားမှာလည်း သူတို့ရဲ့ အင်အားချိနဲ့ နေတာကို ပြသနေတဲ့ သဘောမျိုးဖြစ်နေတယ်ပေါ့နော်။ ပြီးတော့ အိန္ဒိယ-မြန်မာကုန်သွယ်ရေးရဲ့ လမ်းမပေါ်မှာ ရှိနေတာ့ ဒီမြို့ကို သူတို့ထိန်းချုပ်လိုက်တယ်ဆိုရင် အိန္ဒိယ-မြန်မာကုန်သွယ်ရေးအတွက်လည်း သူတို့က လမ်းကြောင်းဖွင့်ပေးနိုင်မှာပေါ့နော်”ဟု ဆလိုင်းဗန်ကီးယိုက ဆက်လက်ပြောဆိုသည်။
ခမ်းပတ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တမူးခရိုင် တပ်ရင်း-၂ ၊ စစ်ဒေသအထူးတပ်ရင်း-၂၊ အမှတ် ၁ စစ်ဒေသလက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွက်ကဲရေးအဖွဲ့၊ CNDF၊ TDA၊ RKDFနှင့် KNA-Burmaတို့က ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-စစ်ဘေးရှောင်နေသည့် ခမ်းပတ်ပြည်သူများ (ပုံဟောင်း)
#ခမ်းပတ်မြို့ #စစ်ကောင်စီ #အင်အားအလုံးအရင်း #ထိုးစစ်ဆင် #တိုက်ပွဲပြင်းထန် #ဒေသခံများစစ်ဘေးရှောင်နေရ #Ayeyarwaddy_Times