
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
စစ်အာဏာသိမ်းပြီးနောက် အဓမ္မလုပ်အားစေခိုင်းခံရမှု ၁၇၈ မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် များအပါအဝင် လူပေါင်း ၃၂၁၆ ဦး ဖမ်းဆီးခံရကာ ထိုအထဲတွင် စစ်ကိုင်းတိုင်း၌ ၄၉ မှုဖြင့် အများဆုံးဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနထံက သိရသည်။
အဆိုပါစာရင်းသည် ယခုနှစ် နိုဝင်ဘာအထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းသည် ၂၁ မှုဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းထံက သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့(ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်(COI) က ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ သတင်းစာ ရှင်းလင်းပွဲတွင် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဓမ္မ လုပ်အားစေခိုင်းခံရမှုအတွက် ဖမ်းဆီးခံရသော လူပေါင်း ၃၂၁၆ ဦးတွင် အမျိုးသား ၄၀၉ ဦး၊ အမျိုးသမီး ၅၁ ဦးနှင့် ကျန် ၂၇၅၆ ဦးသည် ကျား/မ ခွဲခြား၍မရဘဲ အပြစ်မဲ့ရွာသားများသာဖြစ်ပြီး ထိုအထဲတွင် ကလေးငယ်များအပါအဝင် အသက် ၁၈ နှစ်အောက် ၄၃ ဦး ပါဝင်တွေ့ရှိရကြောင်း သိရသည်။
ယင်းအပြင် လူသားဒိုင်းအဖြစ် အသုံးပြုမှုသည် အနည်းဆုံး ၁၀၄ မှုရှိပြီး ကလေးငယ်များအပါအဝင် လူပေါင်း ၁၈၈၂ ဦးထက်မနည်း ဖမ်းဆီးခံရကာ စစ်ကိုင်း၊ မကွေးနှင့် ကချင်တို့တွင် အများဆုံးဖြစ် ပွားခဲ့ကြောင်း သိရသည်။
“အဲဒီအထဲမှာ အချို့လူတွေကတော့ ဒီထက်ပိုပြီး များနိုင်ပါတယ်။ အချို့ကျတော့ case တစ်ခုဖြစ်ပေမယ့် လူတွေအကုန်လုံးကို စုပုံပြီးတော့ ဖမ်းဆီးသွားတာ၊ အချို့ဆိုရင် ကားပေါ်မှာပါတဲ့ လူတွေအ ကုန်လုံးကို ဖမ်းဆီးပြီးတော့ လူသားဒိုင်းအဖြစ် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေ ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် လူပေါင်း ၁၈၈၂ ဦးတွင် အမျိုးသား ၂၀၆ ဦး၊ အမျိုးသမီး ၃၇ ဦးနှင့် ကျန် ၁၅၈၃ ဦးသည် ကျား/မ ခွဲခြား၍မရသကဲ့သို့ ကလေးငယ်များအပါအဝင် အသက် ၁၈နှစ်အောက် ရှစ် ဦးလည်း ဖမ်းဆီးခံရကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထံက သိရသည်။
ထိုသို့ အလုပ်သမားများအပါအဝင် ပြည်သူလူထုအပေါ် အခွင့်အရေး ချိုးဖောက်ခဲ့ မှုများအတွက် အာဏာသိမ်း စစ်ကောင်စီကို အရေးယူနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်-COI ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များတွင်လည်း ပူပေါင်းဆောင်ရွက်မှုများ ရှိကြောင်း NUG ထံက သိရသည်။
ပုံစာ-NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း
#စစ်အာဏာသိမ်း #အဓမ္မလုပ်အားစေခိုင်းခံရမှု၁၇၈မှုရှိ #စစ်ကိုင်းတိုင်းအများဆုံး #Ayeyarwaddy_Times