
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ အိန္ဒိယ မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့ ၊ရှမ်းနီ (SNA)၊ကသည်းတပ် (UNLA) နှင့် ပျူစောထီးအဖွဲ့များ အထိုင်ချထားရာ အောင်ဇေယျကျေးရွာကို ဒီဇင်ဘာ ၇ရက်နေ့နံနက် ၄နာရီခန့်မှစတင်၍ ကူကီးအမျိုးသားတပ်မတော် မြန်မာပြည် KNABနှင့် တမူးခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာနှစ်ဖက် အထိခိုက် အကျဆုံး ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကောင်စီ၏ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ရှမ်းနီတပ်(Shan National Army-SNA)၊ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုးကသည်းတပ် (United National Liberation Front-UNLF) နှင့် ပျူစောထီးအဖွဲ့ စုစုပေါင်းအင်အား ၁၀၀ ကျော်ခန့်ဖြင့် အထိုင်ချထားသည့် အောင်ဇေယျရွာကို ကူကီးအမျိုးသားတပ်တော် မြန်မာပြည်(Kuki National Army Burma – KNAB)နှင့် တမူးခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဒီဇင်ဘာ ၇ရက်နေ့ နံနက်၄နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ ညနေ၆နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်က အထိနာသောကြောင့် ညနေပိုင်းတွင် ရဟတ်ယာဥ်တစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်က တစ်ဦးကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အခြေနေကတော့ တင်းမာနေဆဲပါပဲ။ မနေ့ကတိုက်ပွဲမှာတော့ ကျွန်တော်တို့ဖက်က တစ်ယောက်ကျတယ်။၁ယောက်လက်မောင်းထိပြီး နောက်၁ယောက်က ခြေထောက်မှာထိတာ။ ကျသွားတဲ့ရဲဘော်ကိုတော့ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပါတယ်။ မနေ့ကတော့ တစ်နေကုန်တိုက်ပွဲ ပြင်းထန်တယ်ပြောရမယ်။သူတို့ဖက်ကလည်း အများကြီးသေတယ်။ ဒီနေ့လည်းထပ်လာတိုက်မယ်ထင်ပြီး အောင်ဇေယျရွာကပြည်သူနေအိမ်အောက်တွေမှာ ကတုတ်ကျင်းတူးပြီး သေချာပြင်ဆင်ထားတယ်လို့တော့ သတင်းရထားတယ်။ကျန်တာတော့ စစ်ရေးအခြေအနေအရ ဘာမှပြောလို့မရသေးပါဘူးခင်ဗျာ”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် အောင်ဇေယျကျေးရွာအပါအဝင် အနီးနားရှိ စေတီ၊ဖိုင်လင်းစသည့်ကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အများစုမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်သို့ တိမ်းရှောင်နေကြရကာ တစ်ချို့မှာတမူးမြို့ထဲနှင့် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
“တိုက်ပွဲမဖြစ်ခင်ကတည်းက အောင်ဇေယျနဲ့ စေတီရွာက ပြည်သူအားလုံး ထွက်ပြေးသွားကြပြီးပြီ။ ကျွန်တော်တို့ ဖိုင်လင်းရွာလည်းအကုန်ထွက်ပြေးရတယ်။ အမျိုးသားတွေလောက်ပဲ စပါးရိတ်ဖို့ နေခဲ့ရတာ။ အသင့်အနေအထားနဲ့ပေါ့လေ။ မနေ့ကလည်း ရဟတ်ယာဥ်ဝဲတယ်။ ဒီနေ့တော့မလာသေးဘူး။ တစ်ခုခုဆိုရင်ပြေးရမှာပေါ့။” ဟု ဖိုင်လင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အောင်ဇေယျကျေးရွာသည် အိန္ဒိယ မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိကာ တမူးမြို့နှင့် ၄၅မိုင်ခန့်ကွာဝေးပြီး တမူးအထက်ပိုင်း စစ်တပ်အင်အား အများဆုံးရှိရာ အိမ်ခြေ ၃၀၀ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။
ပုံစာ – တမူးမြို့နယ်အထက်ပိုင်း အိန္ဒိယ မြန်မာ
ကုန်သွယ်ရေးစခန်း(ပုံဟောင်း)
#တမူးမြို့အထက်ပိုင်း #အောင်ဇေယျ #တိုက်ပွဲပြင်းထန် #စစ်ဘေးရှောင်ပြည်သူ #ကသည်း #ရှမ်းနီ #Ayeyarwaddy_Times