
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
ဟင်္သာတမြို့ရှိ လူငယ်များကြား ကော်ရှူ သူများပြားနေပြီး ကလေးငယ်များအား မိဘများကိုယ်တိုင် ကော်ရှူခိုင်းနေသည့် အဆင့်ထိရောက်နေကြောင်း ဟသ်ာတမြို့ခံများထံမှသိရသည်။
စစ်ကောင်စီလက်ထက်တွင် စီးပွာရေး ကျဆင်းလာမှုနှင့် မူးယစ်ဆေးနှင့်ပတ်သက်၍ အသိပညာပေးမှု မရှိခြင်းတို့ကြောင့် လူငယ်များအကြားတွင်သာမကပဲ အသိပညာနည်းပါးသော မိဘများကပါ အလုပ်လုပ်နိုင်ရေးအတွက် ကော်ရှူခိုင်းပြီူ အလုပ်လုပ်နေကြကြောင်း ဒေသခံများထံမှသိရသည်။
“ကုန်စျေးနှုန်းတွေ တတ်လာတော့ မိသားစုမှာ တစ်ယောက်ထဲလုပ်လို့မရတော့ဘူး ။ ပျံကျလုပ်နေရတဲ့မိသားစုတွေက လသားအရွယ်ကလေးတွေကိုပါခေါ်ပြီး အလုပ်လုပ်နေရတဲ့အခြေနေဖြစ်နေတော့ သူတို့က ကလေးမငိုအောင် ကော်ရှူပေးလိုက်တယ်။ ကော်မူးနေရင်မငိုပဲ ငြိမ်နေတော့ အလုပ်လုပ်လို့ရတယ်လေ ။ မိဘတွေက ပညာမတတ်တော့ သားသမီး အတွက်ကောင်းတယ် ဆိုးတယ်ဆိုတာလည်းမတွေးတတ်တော့ဘူး ။ တစ်နေ့အတွက် အဆင်ပြေဖို့ပဲ ကုန်ရုန်းရှာနေကြရတာ “ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အခြေခံမိသားစုများတွင် လက်လုပ်လက်စား မိသားစုများတွင် ကလေးများကို ကော်ရှူခိုင်းပြီး အလုပ်လုပ်နေရသည့်အထိ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဟင်္သာတမှာဆို ချစ်သူလမ်းကြားဘက်မှာ ကလေးတွေက အရင်ဆို ပိုက်ဆံလိုက်တောင်းနေတဲ့ကလေးတွေပါ ။ အခုတော့ ပလုံကောက်တယ်၊ လစ်ရင်ခိုးတယ်၊ ပြီးတာနဲ့ အဲ့ဒီဘက်က ရထားတွဲအဟောင်းတွေကြားမှာ ကော်ရှူပြီးနေကြတာ “ဟု ဟသ်ာတမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလုပ်ကိုင်ရှားပါးလာမှုကြောင့် အခြေခံလူတန်းစားအများပြား အလုပ်လက်မဲ့ဖြစ်နေရပြီး မိသားစုတွင် ကလေးများပါ အလုပ်လုပ်နေရသည့်အဆင့်ထိ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အချို့တွေက ကျတော့ ကော်ရှူထားရင် ဗိုက်မဆာဘူး။ ပြီးတော့ အလုပ်လည်းကြာကြာလုပ်နိုင်တယ် ။ ပင်ပန်းတာမရှိဘူး ဆိုပြီးရှူကြတာ။ အဓိက ကတော့ ကလေးကလေးချင်းဆွယ်တာပေါ့။ ကော်ကလည်း လွယ်လွယ်ဝယ်လို့ရနေတော့ ပိုဆိုးတာပေါ့ ။ အမှန်ကတော့ ကလေးတွေလာဝယ်ရင် ဒါမျိုးတွေမရောင်းအောင် အသိပညာပေးတာတွေဖြန့်ဝေသင့်ပါတယ် “ဟု ဟသ်ာတမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဟင်္သာတမြို့နယ်တွင် ကော်ရှူခြင်းကို အသက် ၅နှစ်အရွယ်မှ ၁၄ နှစ်အရွယ်အထိ လုပ်ဆောင်နေကြောင်း သိရသည်။
လူထုအစိုးရလက်တွင် စာသင်ကျောင်းနှင့် အစည်းဝေးပွဲများတွင် ရဲတပ်ဖွဲ့မှ မူးယစ်ဆေး နှင့် ပတ်သက်ပြီး အသိပညာဖြန်ဝေခြင်းနှင့် ဖမ်းဆီခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီတက်လာပြီးနောက် မူးယစ်ဆေးဖြန်ချိမှု ပိုမိုများပြားနေကြောင်းသိရသည်။
ကော်ရှူခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခြေလက်အကြော အားနည်းခြင်း ၊ဗဟိုအာရုံကြောစနစ် သို့မဟုတ် ဦးနှောက်ပျက်စီးခြင်း ၊အသည်းနဲ့ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးတွင်းအောက်ဆီဂျင် နည်းပါးခြင်းစသည့် ကျန်းမာရေး ပြသနာများကြုံတွေ့ရနိုင်ကြောင်း ဆေးပညာကျွမ်းကျင်သူများထံက သိရသည်။
#ဟင်္သာတမြို့ # ကလေးငယ်များအား# မိဘများကိုယ်တိုင် #ကော်ရှူခိုင်း #Ayeyarwaddy_Times