ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မြို့မရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ ဧရိယာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝန်ထမ်းအိမ်ရာအချို့ ပျက်စီးသွားခဲ့သည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာ ၈ ရက်နေ့၊ မနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ပြည်သူ့ဆေးရုံဝန်းထဲရှိ ဝန်ထမ်းအိမ်ရာအနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျည်စထိမှန်ကာ ဒဏ်ရာရပြီး ဝန်ထမ်းအိမ်ရာ အမိုး၊ လှေကားနှင့် ပြတင်းပေါက်အချို့ ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရှိရသည်။

” ဒီမနက်ပိုင်း ၁၀ နာရီကျော်လောက်က ဆေးရုံဝန်ထမ်း အိမ်ရာအနားမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသွားတာပါ။ အသံက မြို့လုံးကျွတ် တုန်သွားတယ်။ အသက် ၁၀ နှစ် ကလေး တစ်ယောက် ဒဏ်ရာရတယ်။ ဝန်ထမ်းအိမ်ရာအချို့ အနည်းငယ် ပျက်စီးသွားတယ်။ ဆေးရုံက လူနာတွေလည်း တော်တော်လေး ကြောက်ကြတယ်။”ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် နေရာသည် မြို့မ ဘောလုံးကွင်းရှိ စစ်ဘေးရှောင်များ၊ မြို့မစျေး၊ အထက ၁ မြို့မ ကျောင်းတို့ နှင့် နီးပြီး စစ်ဘေးရှောင် ပြည်သူများနှင့် ကျောင်းသားများသည် ကြောက်လန့်နေကြပြီး စျေးဆိုင်အချို့လည်း ပိတ်ထားသည်ဟု ဆိုသည်။

အဆိုပါ လက်နက်ကြီးကျည်သည် မည်သည့် လက်နက်ကိုင်အဖွဲ့များမှ ပစ်ခတ်သည့် ကျည်ဖြစ်ကြောင်းအတည်မပြုနိုင်သေးပဲ ပလက်ဝမြို့အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ တပ်ရင်းနှင့် တပ်စခန်းကုန်းများ နေရာအနှံ့ပြားတွင် တည်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်(AA)၏ စခန်းကုန်းများလည်း တည်ရှိသည်ဟု ဆိုသည်။

သို့ရာတွင် စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် ယခုပစ်ခတ်မှုမှာလည်း စစ်ကောင်စီက ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

#ချင်းပြည် #ပလက်ဝ #ဆေးရုံဧရိယာ #လက်နက်ကြီးကျည်ကျရောက် #ကလေးတစ်ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times