နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသည့် စစ်ကောင်စီသည် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်း၊ ရှမ်းမြောက်စစ်ဆင်ရေးစသည့် ကိစ္စရပ်များကြောင့် တရုတ်နှင့် ဆက်ဆံရေးထက် ၎င်းတို့အား တန်းတူဆက်ဆံသော ရုရှားကို ပိုမိုအားကိုးလာကြောင်း လေ့လာသူများနှင့် CDM ဗိုလ်ကြီးက သုံးသပ်ပြောကြားသည်။

တရုတ်သည် စစ်ကောင်စီအပေါ် ရုရှားကဲ့သို့ ရပ်တည် ထောက်ခံမှု ပြတ်သားခြင်း မရှိသလို ကျားဖြန့်ကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့် အဆင်မပြေမှုများ ပိုများ လာသည့်အခါ ရုရှားကို ပိုမိုမှီခိုအားကိုးသည့် သဘောများ ဆောင်လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“ရုရှားကိုပိုပြီး မှီခိုလာပေမယ့် ကျွန်တော်တို့အမြင်အရ ငြိမ်းခါနီး ထတောက်တဲ့ ဖယောင်းတိုင်ပါ။ ဆိုလိုတာက သူ့ရဲ့ နောက်ဆုံးအချိန် နီးကပ်လာ တဲ့အချိန်မှာ အခုက ရရာကောက်ရိုးမျှင် ဖမ်းဆွဲနေတာပါ။ ကျွန်တော်တို့ကတော့ ဒီလိုပဲ မြင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ သွားရောက်၍ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း ၎င်းတို့ ခေတ်အဆက်ဆက် အားကိုးခဲ့ရသည့် အိမ်းနီးချင်းနိုင်ငံအဖြစ် တရုတ်နှင့် ဆက်ဆံရေး ရှိခဲ့သည့် တရုတ်နိုင်ငံသို့ ယနေ့အချိန်ထိ လာရောက်လည်ပတ်ရန် ဖိတ်ခေါ် ခံရခြင်း မရှိခဲ့ပေ။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီနှင့် တရုတ်အကြား သံတမန်ဆက်ဆံရေးမှာ အခြေအနေ ဆိုးရွားဝါးလာကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောဆိုကြ သည်။

စစ်ကောင်စီသည် တရုတ်၏ ဖိအားကို မငြင်းနိုင်သကဲ့သို့ ကြိုက်လည်းမကြိုက် သောကြောင့် မတတ်မကြွ ဆက်ဆံနေပြီး တစ်ဖက်တွင်လည်း ဆန္ဒပြပွဲများ၊ တရုတ်ကို ကသိကအောက်ဖြစ်အောင် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

“တရုတ်က မပြောပေမယ့် လက်တွေ့မှာတော့ အရင်ကလောက် စစ်ကောင်စီ အပေါ်မှာ တက်တက်ကြွကြွ ထောက်ခံမယ့်အချိန် မဟုတ် တော့ဘူးလို့ လက်ရှိ အခြေအနေကို ကျွန်တော် အကဲဖြတ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီသည် ရုရှားနှင့်ပတ်သက်၍ စီးပွားရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်လုပ်နေသည့် သဘောရှိပြီး တစ်ဖက်တွင်မူ တရုတ်အနေဖြင့် စစ်ကောင်စီ၏ အကူအညီကို လိုအပ်ခြင်းမျိုးမရှိဘဲ စီးပွားရေးအရ တချို့နေရာများတွင် ပူးပေါင်းဆောင်ရွက်ရန်သာရှိကြောင်း CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

သို့သော်လည်း တရုတ်သည် မြန်မာပြည်အတွက် သက်ရောက်မှုအင်အားကြီးမားကာ အထူးသဖြင့် စစ်ကောင်စီကို ထိန်းချုပ်နိုင်သော အင်အားကြီး နိုင်ငံတစ်ခုဖြစ်ပြီး ထိုအရာကို စစ်ကောင်စီက သဘောမကျသဖြင့် ပြောင်းလဲချင်သောကြောင့် ရုရှားနှင့် ဆက်ဆံရေးကောင်းအောင် ပိုမိုတည်ဆောက် နေသည့် သဘောဖြစ်ကြောင်း ဗိုလ်ကြီး ညီသုတက ဆက်လက် ပြောကြားသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ် ခိုင် မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည်ဟုဆိုကာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai PATRUSHEV ကို စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့ ပေးခဲ့သည်။

အလားတူ ရုရှားသမ္မတ ပူတင်ကလည်း ရုရှားနိုင်ငံနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးမားသော ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည် ဟုဆိုကာ မြန်မာစစ်ခေါင်းဆောင်ကို Order of Alexander Nevsky ဘွဲ့တံဆိပ်နှင့် ဒုစစ်ခေါင်းဆောင်ကို Order of Friendship ဘွဲ့တံဆိပ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ရုရှား၊ တရုတ်တို့သည် ယခင်ကတည်းက အပြန်အလှန် ချိတ်ဆက်မှုရှိပြီး ဆက်ဆံရေးအားဖြင့်လည်း ခိုင်မာမှုရှိသကဲ့သို့ မဟာမိတ်များ အဖြစ် ရပ်တည်လေ့ရှိကာ လက်ရှိတွင် ၎င်းတို့ လိုအပ်ချက်များအရ ညှိနှိုင်းပူးပေါင်း လုပ်ဆောင်နေခြင်းဟုသာ မြင်မိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

“တရုတ်နဲ့က ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အိမ်နီးချင်းဖြစ်နေတဲ့ အတွက်ကြောင့်မို့ သူ့(စစ်ကောင်စီ) အနေနဲ့ကတော့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိနေ‌သေးတယ်ပေါ့။ အဲဒီအတိုင်းပဲ ရုရှားနဲ့ကျတော့လည်း ရေရှည်အတွက် ရပ်တည်လာတဲ့ဟာ။ ပြီးတော့ နိုင်ငံရေးအရ ရပ်တည်ချက် ရော၊ ကျန်တဲ့ စစ်ရေးစစ်ရာဆိုင်ရာ ကိစ္စတွေရော အဲ့ဟာတွေအကုန်လုံး” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီနှင့် ရုရှားတို့သည် အပြန်အလှန် ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့ပြီးနောက် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်မှု၊ ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကြိုးပမ်းချက်များအပေါ် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ရပ်တည်သွားမှု၊ နှစ်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး တိုးမြှင့်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် လေကြောင်းတိုက်ရိုက် ပျံသန်းမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုး ရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ကုန်သွယ်မှုနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားမည်ဟု သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#ဘက်ပေါင်းစုံရှုံးနိမ့် #စစ်ကောင်စီ #တရုတ် #ရုရှားအားကိုးလာ #Ayeyarwaddy_Times