
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများတွင် ပြစ်ဒဏ်ကျခံနေသည့် စစ်သားများကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန်ပြန်လည်ခေါ်ယူမှုများ ပြုလုပ်ခဲ့ရာ ခေါ်ယူခံရသည့် အကျဉ်းသားများမှာ စိတ်ဆန္ဒသဘောတူညီခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ခွင့်မဲ့/စစ်ပြေးများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေး ၍ ပြန်လည်လက်ခံမည်ဟု ကြေညာပြီးနောက် ဒီဇင်ဘာ ၆ ရက်နေ့မှ စတင်၍ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျနေ သည့် စစ်ကောင်စီတပ်သားများကို လွတ်ငြိမ်းခွင့်နှင့် လာရောက်ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီး ထံက သိရသည်။
“အခေါ်ခံရတဲ့ကောင်တွေ(ထောင်ကျစစ်သားများ)က မလိုက်ချင်ကြဘူး။ သူတို့က ချုပ်ရက်စေ့လို့ပြီးရင် ပြန်လွတ်ရင် အသက်ရှင် နိုင်သေးတယ်။ ခုက အကျဆုံးများနေတဲ့ ရှေ့တန်းကိုသွားရမှာဆိုတော့ မသွားချင်ကြဘူး။ ခုလာခေါ်တာ လည်း မလိုက်ချင်ကြဘူး ” ဟု အလယ်ပိုင်းတိုင်းရှိ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းသို့လာရောက်ခေါ်ဆောင်သည့် အထဲတွင်အရာရှိ အဆင့်များမပါအ၀င်ဘဲ အခြား အဆင့်များကိုသာ လာရောက်ခေါ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်က ခွင့်မဲ့၊ စစ်ပြေးများ၊ ပြစ်ဒဏ်ကျခံတပ်သားများကို ယခုလိုစစ်မှုထမ်းခိုင်းမည်ဆိုသည့် သတင်းကြားသည့်ရက် တွင် အကျဉ်းစခန်းမှ ထွက်ပြေးသွားသူအချို့လည်းရှိပြီး ကျန်ရှိတပ်သားများမှာ လိုက်ပါလိုခြင်း မရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် အကျဉ်းစခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေ ရသည့် တပ်ဖွဲ့၀င်များကို လိုက်လံခေါ်ယူခဲ့ရာ ပေါင်းတည်မြို့နှင့် ပြည်အကျဉ်းထောင်မှ ထောင်ကျနေသည့် စစ်သားများကိုခေါ်ထုတ်သွားကြောင်း သိရသည်။
ပြည်အကျဉ်းထောင်မှ ပြစ်ဒဏ်အမျိုးမျိုးဖြင့် ထောင် ကျနေသည့် စစ်ကောင်စီတပ်သား ၄၀ နှင့် ပေါင်းတည် အကျဉ်းထောင်မှ အကျဉ်းသား ၁၇ ဦးတို့ကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားကြောင်း အကျဉ်းဦးစီးထံက သိရသည်။
ပုံစာ-အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့က ပဲခူးတိုင်း သာယာ၀တီအကျဉ်းထောင်ကို သွားရောက် စစ်ဆေးစဉ် (၂၀၂၃ မတ် ၂၁ ရက်)
#စစ်ကောင်စီ #အကျဉ်းကျစစ်သားများ #စစ်မှုထမ်းခိုင်း #သဘောတူခြင်းမရှိ #Ayeyarwaddy_Times