ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် စစ်ပြေးမှုနှင့် ထောင်ဒဏ်ကျခံနေရသူ တစ်ရာကျော်ကို ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ တာ၀န်ပြန်ထမ်းဆောင်ရန် ပြန်လည်ခေါ်ယူသွားကြောင်းသိရသည်။

ပုသိမ်အကျဥ်းထောင်သို့ စစ်ကောင်စီတပ်မှ ဗိုလ်မှုးကြီးအဆင့်ရှိသူဦးဆောင်ပြီး လာရောက်ထုတ်ယူ ခဲ့ခြင်းဖြစ်ပြီး စစ်ပြေးအကျဥ်းသားများကို စစ်တပ်သုံး FAWကားအကြီး လေးစီးဖြင့် တင်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများထံမှသိရှိရသည်။

“ပုသိမ်ထောင်က ၁၀၄ဦး ဌက်ပေါက် ရဲဘက်က ၄ဦး စုစုပေါင်း၁၀၇ဦးကို လွှတ်ငြိမ်းနဲ့ စစ်တပ်မှာ တာ၀န်ပြန်ထမ်းဆောင်ဖို့ လာခေါ်တာပါ။ အချို့ဆို လွတ်ဖို့ တစ်လလောက်ပဲလိုတော့တာ စစ်တပ်မှာ မနေချင်လို့ ထောင်ကျခံပြီးထွက်တာတောင် မရဘူး စာရင်းနဲ့ကိုလာခေါ်တာ” ဟု အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထောင်မှလာခေါ်သွားသော စစ်သားဟောင်းများတွင် စစ်ပြေးမှုအပြင်၊စစ်မှုထမ်းချိန်တွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ပါ၀င်ပြီး ဧရာဝတီတိုင်းအတွင်းမှ ပြန်ခေါ်ခံရသူ ၂၀၀ခန့် ရှိကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရှိရသည်။

တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်များတွင် တပ်မတော်အက်ဥပဒေ၊ ရာဇဝတ်မှုများဖြင့် ထောင်ကျနေသည့် စစ်သားဟောင်းများ အားလုံးကို စစ်ကောင်စီက ဒီဇင်ဘာ၇ရက်နေ့တွင် လွှတ်ငြိမ်းခွင့်ပေးပြီး တာ၀န်ပြန်ထမ်းဆောင်စေကာ စစ်အင်အားလိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းနေခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင်နီးစပ်သည့်အသိုင်းအ၀န်းကသိရှိရသည်။

ပုသိမ်အကျဥ်းထောင် #စစ်ပြေး #ထောင်ဒဏ်ကျခံနေ #စစ်ကောင်စီတပ် #တာ၀န်ပြန်ထမ်းဆောင်ရန် #Ayeyarwaddy_Times