
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာ ၈ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ် ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
ဒီဇင်ဘာလ ၆ ရက် နံနက် ၄နာရီ၃၀မိနစ်ခန့်က လောင်းလုံးမြို့ပေါ်ရှိ လောင်းလုံး မြို့မရဲစခန်း နှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖရုံး) တွင် တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်းသိရသည်။
“မြို့ထဲကိုဝင်ပြီး အချိန်မရွေး ဝင်ပစ်လို့ရတဲ့ သဘောမျိုး နဲ့ ဝင်စမ်းတာ လောက်ပါပဲ။ စစ်ရေးက ဒီထက်အဆင့်မြင့်လာဖို့ပဲရှိတယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်း မ်ကို ပြောသည်။
ယင်း တိုက်ခိုက်မှု အတွင်း အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ ပြီး စစ်ကောင်စီတပ်ဘက် မှ နှစ်ဦးသေဆုံးကာ နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) နှင့် ထားဝယ်နဂါးတပ်ခွဲ (၅) တို့ မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
လောင်းလုံးမြို့နယ်ရှိ ပြည်သူလူထုများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးအရှိန်မြင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများအချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် စစ်ရေးသတိရှိစွာဖြင့် သွားလာနေထိုင်ကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊ LLPDF
#လောင်းလုံးမြို့မရဲစခန်း #စရဖရုံး #ဝင်ရောက်တိုက်ခိုက် #စစ်ကောင်စီတပ်သား၂ဦးသေဆုံး #Ayeyarwaddy_Times