
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အန္တရာယ်ကျရောက်နေသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမဆန်သော ရာဇ၀တ်မှုတွေ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကျူးလွန်မှုတွေမှာ စစ် အာဏာရှင်တွေ အသုံးပြုနေတဲ့ လက်နက်စီးဆင်းမှုကို ရပ်တန့်ဖိုလိုတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဉီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
“စစ်အာဏာရှင်တွေဆီ လက်နက်စီးဆင်းမှုကို ရပ်တန့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အရေးပါတဲ့ အပြောင်း အလဲတွေ လုပ်နိုင်မယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာရေးသားသူ သောမတ်တွမ်အန်ဒရူးက ဒီဇင်ဘာလ ၆ ရက် ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အချိန်ဖြုန်းလို့ မရပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ မြန်မာနိုင်ငံတစ် ဝှမ်း ပြည်သူ နှစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုလည်း အရပ်သားတွေကို မတိုက်ဖို့၊ စစ်သုံ့ပန်းတွေကို လူ သားဆန်စွာ ဆက်ဆံပြီး ဆေးဝါးကုသမှု ပေးဆောင်ဖို့ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ တွေကို လိုက်နာဖို့ သူက တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေကို တိုက်ခိုက်တာနဲ့ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးလုပ် ငန်းတွေကို ဟန့်တားတဲ့နည်းနဲ့ စစ်ရေးရှုံးနိမ့်မှုတွေကို အမြဲလိုလို တုံ့ပြန်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါ တယ်။
အောက်တိုဘာလကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းတွေကို ထိန်းချုပ်နိုင်ခဲ့သလို တခြားဒေသတွေမှာလည်း တော်လှန်ရေးအင်အားစုတွေက စစ်ရေးအောင်ပွဲ တွေ ရရှိခဲ့တယ်လို့ တွမ်အန်ဒရူးက ဆိုပါတယ်။
အရပ်သား အသက်တွေ ကယ်တင်နိုင်ဖို့ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံတွေနဲ့ စစ်ရှောင်စခန်းတွေကို ထိခိုက်စေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်နိုင်မယ့် လေယာဉ်ဆီ ဖြတ်တောက်ဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။
ကိုးကား – https://www.ohchr.org
Ref; Urgent action needed to save lives amid intensifying conflict in Myanmar, says UN expert