ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

ယခုတစ်ပတ်ကျော်ကြာမြင့်တက်နေသော စက်သုံးဆီဈေးက ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် စက်သုံးဆီ အမျိုးအစားပေါ်မူတည်ပြီး ၄၀ ကျပ်မှ ၉၀ကျပ် ပတ်ဝန်းကျင်ဈေးပြန်ကျလာကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထုတ်ပြန်ချက်အရသိရသည်။

ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် စက်သုံးဆီ အောက်တိန်း ၉၂ သည် ၄၅ကျပ်ဈေးကျပြီး တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ အောက်တိန်း ၉၅ သည် ၆၅ ကျပ်ဈေးကျပြီး တစ်လီတာလျှင် ၂၅၇၅ ကျပ်၊ ပရီမီယံဒီဇယ်သည်လည်း ၄၀ ကျပ်ဈေးကျပြီး တစ်လီတာလျှင် ၂၂၇၀ ကျပ်၊ ဒီဇယ်မှာမူ ၉၀ ကျပ်ဈေးကျပြီး တစ်လီတာလျှင် ၂၂၁၅ ကျပ်ရှိကြောင်းသိရသည်။

“ ဒေါ်လာဈေးအပြောင်းအလဲကြောင့်မလို့ ခဏကျတာထင်တယ်။ ထပ်တက်မယ်ထင်နေတာ စောင့်ကြည့်ရမှာပဲ။ ဆီကတော့ တန်းစီးပြီးတော့ဖြည့်နေရဆဲပဲ။ ဆီဈေးတက်လို့လည်း တက္ကစီခတက်လို့မရဘူး။ စီးမယ့်သူရှိမှာမဟုတ်တော့ဘူး။ ဆီဈေးတက်တုန်းက မကျန်ပေမယ့် ဈေးကျရင်တော့ နည်းနည်းတွက်ခြေကိုက်တယ်။ ရပ်ထားလို့လည်းမရဘူး အုံနာခပေးရသေးတာ ” ဟု ရန်ကုန်မြို့အတွင်းတက္ကစီမောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်မူ ရန်ကုန်မြို့အပါဝင် မြို့ကြီးများနှင့်နယ်မြို့များတွင် စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်များရှေ့တွင် ၂ နာရီမှ ၃ နာရီကြာ တန်းစီးစောင့်ဆိုင်းဝယ်ယူနေရဆဲဖြစ်ပြီး ဝယ်ယူရာတွင်လည်း အကန့်အသတ်ဖြင့် ကျပ် ငါးသောင်းဖိုးသာ ဝယ်ယူရကြောင်း မြို့ခံများက ဆိုသည်။

ထိုသို့ တန်းစီ ဝယ်ယူနေရသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပြည်တွင်းသုံးစွဲရန် လိုအပ်သောစက်သုံးဆီများအလုံ အလောက်ရှိပြီး သီလဝါဆိပ်ကမ်းများတွင်ရောက်ရှိနေကြောင်း ပြောကြားလျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စက်သုံးဆီစျေးအနည်းငယ်ကျ #တန်းစီဝယ်ယူ #အကန့်အသတ် #Ayeyarwaddy_Times