ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့တွင် စစ်ကား (၂၁)စီး၊ စစ်သားအင်အား (၃၀၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် နေ့လည် (၁)နာရီဝန်းကျင်တွင် မိုးဗြဲမြို့ထဲသို့ စတင်စစ်ကြောင်းထိုးလာခဲ့ပြီး ညနေ (၅)နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်ထားသည်။

လွိုင်ကော် PDF ၊ မိုးဗြဲ PDF BO1 နှင့် BO2၊ URF တို့ ပါဝင် တိုက်ပွဲဝင်ကြပြီး စစ်တပ်မှ ကျဆုံးမှုရှိခဲ့ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း PDF များဘက်မှ ရဲဘော်တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီမှ လက်နက်ကြီးများ အဆက်မပြတ် အသုံးပြုခဲ့သောကြောင့် အရပ်သား နေအိမ်များထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်များရှိရာ ဘုန်းတော်ကြီးကျောင်းနေရာများတွင်လည်း လက်နက်ကြီး ထိခိုက်ခဲ့ရကာ စစ်ဘေးရှောင် အရပ်သား ကျား(၁)ဦးနှင့် မ(၁)ဦး ထိခိုက်‌ဒဏ်ရာ ရရှိခဲ့ပြီး မ(၁)ဦးမှာ ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ နှင့်အနီးတစ်ဝိုက်ရှိ မိဘပြည်သူများ စစ်ရေး သတိ အထူးရှိကြပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်ထားသည်။