
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်
စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက် မနေ့ကစလို့ ရန်ကုန်မြို့နယ်အချို့နဲ့ ရန်ကုန်မြို့ကိုဝင်တဲ့စစ်ဆေးရေးဂိတ်တွေကို လုံခြုံရေးတိုးမြှင့်ထားပြီး တင်းကျပ်တဲ့စစ်ဆေးမှုတွေပြုလုပ်လာတယ်လို့ ဒေသခံတွေနဲ့ ယာဥ်မောင်းတွေဆီကသိပါတယ်။
ရန်ကုန်မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေယခင်ထက်ပိုမိုတင်းကျပ်လာပြီး လှိုင်သာယာအဝင်ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတားတွေ မှာ အင်အားအများအပြားနဲ့စစ်ဆေးလာတယ်လို့ သိရပါတယ်။
” မနေ့က လှိုင်သာယာအဝင် ဘုရင့်နောင်တံတားထိပ်နဲ့ အောင်ဇေယျတံတားထိပ်မှာ စစ်ကောင်စီက လူမိုက်တွေနဲ့ ပေါင်းပြီး စစ်တာတွေလုပ်တယ်။ ကားလေးတွေကို အဓိကထား စစ်တယ်။ ဆိုင်ကယ်တွေကို ဖမ်းတယ်” လို့ ရန်ကုန်မြို့တွင်းအငှားယာဥ်မောင်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို ဝင်တဲ့ ပန်တိုင်ဂိတ်နဲ့ ထန်းတပင်တာဆုံတွေမှာလည်း အင်အားအများအပြားနဲ့စစ်ဆေးနေတယ်လို့ဆိုပါတယ်။
” ဧရာဝတီတိုင်းအဝင် ပန်တိုင်ဂိတ်မှာ အရင်က ဘယ်ရီဂိတ်တွေ ဖယ်ထားတာကနေ မနေ့ကစပြီး အကုန်ဂိတ်တွေ ပြန်ချထားတယ်။ ဒီနေ့အဲ့ဒီဂိတ်နဲ့ ထန်းတပင်တာဆုံမှာ ရဲနဲ့တပ်အင်အားအများအပြားချထားတယ်” လို့ သူကဆက်လက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဗဟန်း၊လမ်းမတော်၊သန်လျင်မြို့နယ်တွေကို ဇူလိုင်လ ၂၂ ရက်နေ့က လူ ၅ ဦးထက်ပိုမစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဲ့ဒီမြို့နယ်တွေနဲ့ အင်းစိန်ထောင်ရှိတဲ့ အင်းစိန်မြို့နယ်ကိုလည်း လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
” အခုရက်ပိုင်း ၁၄၄ ထုတ်တဲ့မြို့နယ်တွေနဲ့ အင်းစိန်မြို့ နယ်ထဲမှာ အရပ်ဝတ်တွေနဲ့ရော ကင်းပုန်းတွေရောချထားတယ်လို့သိရတယ်။ တပ်အင်အားလည်း ထပ်တိုးထားတယ်။ ဒီသေဒဏ်ကိစ္စတွေနဲ့ အခုရက်ပိုင်း လမ်းပေါ်ကိုပြန်ထွက်လာမှာတွေကြောင့်အရင်ထက်ပိုပြီးလုံခြုံရေးတိုးမြှင့်ပြီးတပ်လှန့်ထားတဲ့သဘောလို့သိရတယ် ” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက သေဒဏ်အမိန့်အတည်ပြုထားတဲ့ နိုင်ငံ ရေးအကျဥ်းသား ၄ ဦးကို ဇူလိုင်လ ၂၃ ရက် နဲ့ ၂၄ ရက်တွေမှာ ကွပ်မျက်လိုက်တယ်လို့ မနေ့ကထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့ကို လုံခြုံရေးပိုမိုတိုးမြှင့်ထားတာဖြစ်ပြီး ကွပ်မျက်တဲ့ရက်မတိုင်မီ ဇူလိုင်လ ၂၂ ရက်မှာ မြို့ နယ်တချို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် ရန်ကုန်မြို့အဝင်မြို့တွေဖြစ်တဲ့ မှော်ဘီမြို့နယ်စစ်ဆေးရေးဂိတ်တွေ၊ မင်္ဂလာဒုံမြို့နယ် အမြန်လမ်းထိပ်အမှတ် ၃ လမ်းဆုံဂိတ်တွေမှာလည်း ယခင်ထက်ပိုမိုစစ်ဆေးမှုတွေလုပ်ဆောင်လာတယ်လို့ မြို့ခံတွေနဲ့ ယာဥ်မောင်းတွေဆီကသိရပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို ကြိုးပေးသတ်ဖြတ်ခဲ့မှုအပေါ် တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။