ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်အပါအဝင် နိုင်ငံတဝန်းတွင် စက်သုံးဆီ ပြတ်လပ်မှု အချိန်တစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလ တစ်ရက်နေ့မှစတင်ကာ ရန်ကုန်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြုံတွေ့ရပြီးနောက်ပိုင်း နေပြည်တော်၊ မန္တလေးမြို့အပါအဝင် မြို့အားလုံးတွင် စက်သုံးဆီပြတ်လပ်မှုကြုံတွေ့ရကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီအမျိုးအစားများဖြစ်သည့် အောက်တိန်း ၉၂ ၊ အောက်တိန်း ၉၅ ၊ ပရီမီယံဒီဇယ် နှင့် ဒီဇယ်ဆီများပြတ်လပ်သွားခြင်း ဖြစ်သည်။

“မင်းအောင်လှိုင်ရှိတဲ့နေရာတောင် စက်သုံးဆီပြတ်နေတာလေ။ နေပြည်တော်ဆိုတာသိတဲ့အတိုင်း။ ဆီဆိုင်ရောက်ဖို့တောင် ဆီကုန်ခံပြီးသွားထည့်ရတာ။ တစ်နေရာနဲ့တစ်နေရာက အဝေးကြီးပဲ။ ဆိုင်ကယ်မရှိရင် ဘယ်မှသွားမရဘူး” ဟု နေပြည်တော်မြို့ခံတစ်ဦးက ပြောကြားသည်။

နေပြည်တော်အပါအဝင်မြို့ကြီးများတွင် စက်သုံးဆီတန်းစီစောင့်ဆိုင်းဝယ်ယူနေရဆဲဖြစ်ပြီး တစ်ခါတန်းစီရာတွင် နှစ်နာရီမှ လေးနာရီခန့်ကြာမြင့်ကြောင်း သိရသည်။

“ညကတည်းက ဆီတန်းစီထားတာ မနက်သုံးဖို့အတွက် ဆီဆိုင်မှာ ညအိပ်တန်းစီဖူးပြီ။ အရင်လိုတော့ကြိုက်တဲ့‌နေရာ ကြိုက်သလိုထည့်မဟုတ်ဘူးပေါ့ ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်နေ့မှ ၇ရက်နေ့အထိ စက်သုံးဆီဈေးများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၆၄၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၁၀ ကျပ် နှင့် ဒီဇယ် ၂၃၀၅ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

“Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှု အနည်းငယ်ရှိပါလိမ့်မယ်။ စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီတင်သွင်းရမယ့် လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့်ရှိပါတယ်။ တင်သွင်းဖို့အတွက်ရောက်ရှိနေတဲ့ သင်္ဘောများလည်း ရှိပြီးဖြစ်ပါတယ်” ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

ထို့ပြင်စက်သုံးဆီသင်္ဘောများ ပင်လယ်ဝတွင် ရောက်ရှိနေပြီး သီလဝါဆိပ်ကမ်းတွင် သုံးစီးရောက်ရှိနေပြီဖြစ်ကြောင်း၊ Terminal များမှ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင် ၃၃၉၁ ဆိုင်သို့ စက်သုံးဆီဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ရန်ကုန်# နေပြည်တော် #မန္တလေးမြို့ #စက်သုံးဆီပြတ်လပ် #Ayeyarwaddy_Times