ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ပြင်ဦးလွင်တွင်ကျင်းပမည့် DSA ဗိုလ်သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မည်ဖြစ်၍ ၎င်း၏ ကိုယ်ရံတော်တပ်အပြင် အခြားတပ်ရင်းတပ်ဖွဲ့များမှ အင်အားထုတ်နုတ်၍ လုံခြုံရေးအင်အားအများအပြား ပေးထားရကြောင်း ပြင်ဦးလွင်ရှိတပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် အပတ်စဉ် (၆၅) ဗိုလ် လောင်းသင်တန်း ကျောင်းဆင်းပွဲကို စစ်ခေါင်းဆောင်တက်ရောက်မည်ဖြစ်ရာ ပြင်ဦးလွင်မြို့ကို ယမန်နေ့ ၆ ရက်နေ့ကတည်းက မြို့တွင်း၌ လုံခြုံရေးတင်းကျပ် လျက်ရှိပြီး ၎င်း၏ ကိုယ်ရံတော်တပ်အပြင် တပ်ရင်း အချို့မှ တပ်ဖွဲ့၀င်များကိုပါ အင်အားထုတ်နုတ်၍ လုံ ခြုံရေးပေးထားရခြင်းဖြစ်ကြောင်း သိရသည်။

“ခေါင်းဆောင်ရဲ့ ကိုယ်ရံတော်တပ်တွေအပြင် စစ်ရေး အတွက်ပြင်ဆင်ထားရတဲ့ တပ်ဖွဲ့တွေထဲကလည်း အင်အားထုတ်နုတ်ပြီး လုံခြုံရေးယူဖို့ တပ်ရင်းအတော်များများ စီစဉ်ပေးထားရတယ်။ အင်အားတွေ ကလည်း တပ်ရင်းတွေမှာလျော့နည်းနေတာကြောင့် မရှိရှိတာ ထုတ်နုတ်ပြီး ဖြည့်ပေးထားရတယ်” ဟု ပြင်ဦးလွင်ရှိ ဗိုလ်လောင်းကျောင်းနှင့် နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါကျောင်းဆင်းပွဲကို ရက်သတ်မှတ်ချက် အတိအကျပြောကြားထားခြင်းမရှိဘဲ ကျင်းပမည့်ရက်နီးကပ်မှ စီစဉ်ခိုင်းခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးကိုလိုအပ်သည်ပို၍ အင်အားတိုးချဲ့ချထားကြောင်း သိရ သည်။

စစ်မျက်နှာအစုံဖွင့်ထား၍ နေရာအစုံ၌ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တပ်အင်အားလိုအပ်နေသည့် ကြားမှ ယခုကဲ့သို့ လုံခြုံရေးပေးရန်အတွက် ခံစစ်ပြင်ထားရသည့် တပ်ရင်းများထဲမှ အင်အားထုတ်နုတ်ပေးထားရ ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းဆင်းပွဲပြုလုပ်မည့် ပြင်ဦးလွင်နှင့်အနီးကပ်ဆုံးဖြစ်သည့် နောင်ချို၊ ကျောက်မဲ နှင့် မတ္တရာမြို့နယ်တို့တွင် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

ပုံစာ-ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) စစ်လက်ရုံးရွေးချယ်ပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄)

#ပြင်ဦးလွင်ဗိုလ်သင်တန်းဆင်းပွဲ #စစ်ခေါင်းဆောင်တက်ရောက်မည် #ကိုယ်ရံတော်တပ် #တပ်အင်အားထုတ်နုတ် #လုံခြုံရေးပေး #Ayeyarwaddy_Times