ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနှင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများထံက သိရှိရသည်။

စစ်ကောင်စီတပ်သည် အင်အား ၆ဝ ခန့်နှင့် ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အိမ်ခြေ ၁၀၀ ခန့်ရှိသည့် ဘုံးဘေားကျေးရွာသို့ ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်း လာရောက်စစ်ဆေးသွားသည်ဟု ဒေသခံများက ပြောသည်။

“ကားနှစ်စီးနဲ့ စစ်သား အယောက် ၆၀ လောက် ရွာထဲကို ရောက်လာပါတယ်။ ရွာထဲက အိမ်တွေကို တစ်အိမ်တက်ဆင်း လာစစ်သွားပါတယ်။ လူဖမ်းဖို့ လာတယ်လို့တော့ ကြားတယ်။ ပြီးတော့ ရွာထဲကို PDF တွေ ဝင်လာရင် သတင်းပေးပို့ဖို့ ပြောသွားတယ် ” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဘုံးဘောကျေးရွာသည် အိမ်ခြေ ၁၀၀ နီးပါရှိပြီး ချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာဖြစ်သည်။ စစ်ကောင်စီ တပ်သားများ သည် ဘုံးဘောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် ညအိမ်ပြီး နောက် ဘဘွေ့(ချင်း) ကျေးရွာသို့ ထွက်ခွာသွားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများသည် ပဇီကျေးရွာနေ ချင်းအမျိုးသား တစ်ဦး၏ နေအိမ်ထဲသို့ ဝင်ရောက်စစ်ဆေးရာ Asho Chin Defence Force (ACDF) ရဲဘော်များ၏ ဓာတ်ပုံများကို တွေ့ရှိသည်ဟုဆိုကာ ပဒါန်းမြို့မရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အလားတူ နိုဝင်ဘာ ၁၄ ရက်နေ့က ဂုတ်စီးရိုးကျေးရွာရှိ ချင်းအမျိုးသား တစ်ဦးအား PDF တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြုလုပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီအင်အား ၈၀ ကျော်ဖြင့် ဖမ်းဆီးရန်လာရောက်ပြီး ၎င်းအား ဖမ်းမမိဘဲ နေအိမ်ကို ချိတ်ပိတ်ထားခဲ့ကြောင်း သိရသည်။

ပုံ-ငဖဲမြို့

#မကွေး #ငဖဲ #စစ်ကောင်စီ #လူနေအိမ် #ရှောင်တခင်ခွင့်စစ်ဆေး #Ayeyarwaddy_Times