
ဇွဲနိုင် /ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဒီဇင်ဘာ ၇ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားပါ လိုက်ပါလာသည့် သုံးစီးပါ ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်လူငယ် လက်ရုံးတပ်ထံက သိရသည်။
သရက်ချောင်းမြို့ မှ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီတပ် သုံးစီးပါယာဥ်တန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီခန့်က ရန်တောင်ရွာနှင့် ညောင်ဇင်ရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
” စစ်ကောင်စီ တပ်သားတွေက အိမ်စီး ကား သုံးစီး နဲ့ တက်လာကြတယ်။ အင်အားက နှစ်ဆယ်လောက်ပါတယ်။ကြိုတင်သတင်းရထားလို့ လမ်းခုလတ် မှာ အသင့်စောင့်ကြိုပြီး ကြားဖြတ် မိုင်းဆွဲခဲ့တာပါ။ မိုင်း သုံးလုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပေါ့။ သုံးစီးမြောက် ပရိုဘောက်ကားကို မိုင်းထိချက်မှန်ပြီး ကားအနောက်ပိုင်း ပျက်စီး သွားခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တာမျိုးတော့မရှိဘူး” ဟု ထားဝယ်လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပရိုဘောက် ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား သုံးဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် ထားဝယ် လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ်ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ထားဝယ်လူငယ်လက်ရုံးတပ်
#သရက်ချောင်းမြို့ #စစ်ကောင်စီတပ် #၃စီးပါယာဥ်တန်း #ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် #ကြားဖြတ်မိုင်းဆွဲတိုက်ခိုက် #Ayeyarwaddy_Times