ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်သင်တန်းအတွက် လူသုံးဦး စာရင်းပေးရန် စစ်ကောင်စီက ဒီဇင်ဘာလအတွင်း ညွန်ကြားလာသောကြောင့် အုပ်ချုပ်ရေးမှူးများက မဲနှိုက်ရွေးချယ်နေရကြောင်း သတင်းရရှိသည်။

“ရွာအုပ်ချုပ်ရေးမှုးက တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ပြီးမဲနှိုက်ပြီး ရွေးတာ။ မဲပေါက်တဲ့လူကခရီးမသွားရဘူး ပြည်သူ့စစ် သင်တန်းခေါ်ရင်မတက်မနေရတက်ရမယ် ။သင်တန်း နှစ်ပတ်ကြာရင် သူ့မိသားစု စားသောက်ဖို့ကို ရွာကစီစဥ်ပေးရမယ်လို့ပြောတယ် “ဟု ပုသိမ်မြို့နယ်အတွင်းမှကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပုသိမ်မြို့နယ်အတွင်းမှ ရွာသစ်ကျေးရွာအုပ်စုတွင် ပါဝင်သော ကျေးရွာများတွင် ပြည်သူ့စစ်သင်တန်းတက်ရန်အတွက် အသက် ၃၀နှင့် ၅၀နှစ် ကြားအမျိုးသားများကို တစ်ရွာလျှင် သုံးဦး ရရှိရန်အတွက် အုပ်ချုပ်ရေးမှုးများကမဲနှိုက်ခိုင်းပြီး မဲပေါက်သူများကိုပြည်သူ့စစ်အဖြစ် စာရင်းပြုလုပ်ကာ စစ်ကောင်စီထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ကျေးရွာများတွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊အရန်မီးသတ်၊ ပြည်သူ့လုံခြုံရေးများ ဖွဲ့စည်းခိုင်းပြီး ယခုပြည်သူ့စစ်သင်တန်းဟု ဆိုကာထပ်မံဖွဲ့စည်းခိုင်းသည့်အတွက် အချို့ကျေးရွာများတွင် မဲနှိုက်ဖွဲ့စည်းလိုက်ရခြင်းဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးကပြောသည်။

ဧရာ၀တီတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားနည်းလာသောကြောင့် ရဲသတင်းပေးများကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပြီး ကင်းလှည့်ခိုင်းခြင်း၊ ဧည့်စာရင်းစစ်ရာတွင်ပါ၀င်ခိုင်းခြင်းများပြုလုပ်နေပြီး လက်ရှိ ကျေးရွာအုပ်စုများကို ရွာလုံခြုံရေးအမည်ခံ ပြည်သူ့စစ်အနေဖြင့် ထပ်မံဖွဲ့စည်းရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ကြသည်။

#ပုသိမ်မြို့နယ် #ပြည်သူ့စစ်သင်တန်း #လူသုံးဦး #စာရင်းပေးရန် #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး
#Ayeyarwaddy_Times