
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
စစ်ကောင်စီက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ ကျပ်ငွေ အဖြစ်ပြောင်းလဲရန် သက်မှတ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်သည်။
ပို့ကုန်တင်ပို့သူများသည် ယခင်က ပို့ကုန်ရငွေ ( export earning ) မှ ပို့ကုန်ဝင်ငွေ ၅၀ ရာခိုင်နှုန်းကို ကျပ်ငွေအဖြစ် စစ်ကောင်စီထံ လဲလှယ်ပေးရပြီး ယခုအခါ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေနှင့် လဲလှယ်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သက်မှတ် လိုက်ခြင်းဖြစ်သည်။
” အခုက export(ပို့ကုန်) အားပေးတာပေါ့။ GDP တက်အောင်လုပ်တာ။ ဝင်ငွေရလာရင် ဆေးတို့၊ ဆီသွင်းဖို့အတွက် ပိုက်ဆံရအောင်ပေါ့။ export အားပေးပြီး ဘာပဲထွက်ထွက် earning ရအောင် ပို့ကုန်ငွေရအောင်ပေါ့။ အခုပဲ၊ ဆန်၊ ပြောင်းရာသီဆိုတော့ ရေထွက်ကုန်တွေ များများထွက်အောင်လုပ်တာ။ ကုန်သည်တွေကို မက်လုံး ပေးလိုက် တာပေါ့ ” ဟု Export/Import လုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက export ကို အားပေးလိုက်ခြင်းကြောင့် export ကုန်သည်များ အခွင့်အရေး ရသော်လည်း import(သွင်းကုန်) ကုန်သည်များအခက်တွေ့နိုင်ပြီး နောက်ဆုံးတွင် စားသုံးသူက ပို၍အခက်အခဲကြုံမည်ဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
” အဲဒီတော့ import ပစ္စည်းတွေအကုန်ဈေးတက်မယ်။ အရင်ဘဏ်လဲနှုန်း တစ်ဒေါ်လာ ၂၉၉၀ ကျပ်နဲ့လဲရတဲ့ပစ္စည်းက အခု floating currency ပေးလိုက်တော့ တစ်ဒေါ်လာ ၃၆၀၀ ကျပ်နဲ့တွက်ရတော့မယ်။ အဲဒီတော့ ဆေးတွေ ဘာတွေ export ပစ္စည်းတွေ အကုန် ဈေးတက်မှာပဲ “ဟု Export/Import လုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။
ပို့ကုန်ဝင်ငွေ ပြောင်းလဲချက်ကိုလိုက်နာမှုမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခံရမည်ဟု ဗဟိုဘဏ်က ဆိုထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေ အရောင်းအဝယ်ပြုရာတွင် နိုင်ငံခြားငွေလဲနှုန်းကို သတ်မှတ်ပေးမည် မဟုတ်ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပို့ကုန်ရငွေ #၃၅ရာခိုင်နှုန်းလျော့ချ #ဗဟိုဘဏ် #စစ်ကောင်စီ #Ayeyarwaddy_Times