ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ပဲခူးတိုင်း၊ ဝေါမြို့၊ မြစ်ကျိုးတိုက်နယ်၊ ဆင်ရွာတွင် နေထိုင်သူ ပျုစောထီးခေါင်းဆောင်ဆိုသူ ဦးအောင်စိုးနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကာ စစ်သင်တန်းပေးနေပြီး သင်တန်းစရိတ်ဟုဆိုကာ တစ်အိမ်ကို ၅,၀၀၀ ကျပ် ပေးရန်တောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်သင်တန်းတွင် လူ ၅၀ ဝန်းကျင် သင်တန်းတက်‌ရောက်နေပြီး အများစုမှာ ဒေသခံများကို အဓမ္မခေါ်ယူကာ စစ်သင်တန်းပေးနေခြင်းဖြစ်ကာ ပျုစောထီးခေါင်းဆောင် ဦးအောင်စိုးနှင့် ဆင်ရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုကျော်လေး တို့မှ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ပျူခေါင်းဆောင် ဦးအောင်စိုးနဲ့ အုပ်ချုပ်‌ရေးမှူး ကျော်လေးတို့ ပေါင်းပြီးလုပ်နေကြတာ။ ရွာထဲလည်း ပိုက်ဆံတွေကောက်တယ်၊ စစ်တပ်အတွက် အမြဲတမ်းအလုပ်လုပ်ပေးနေတဲ့သူတွေပါ။ ရွာနီးခြောက်စပ်ကလူငယ်တွေကို စစ်သင်တန်းပေးဖို့ စစ်တပ်အားကိုးနဲ့ အဓမ္မခေါ်ခိုင်းနေတာ။ ရွာစဉ်တလျှောက်က လူဘယ်နှစ်ယောက်ပေးရမယ်ဆိုပြီး အတင်းခေါ်ကြတာ”ဟု မြစ်ကျိုးတိုက်နယ်အတွင်း နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပျူစောထီးလူသစ်အဖြစ် အဓမ္မစုဆောင်းခံရသည့် ကျေးရွာများမှာ ဆင်ရွာကျေးရွာ၊ သုံးခွကျေးရွာ၊ ဂျိုလေးကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ ဒနလွန်းကျေးရွာ၊ ဝိုင်းပတ်ကျေးရွာနှင့် ပန်းညိုစု‌ စသည့် ကျေးရွာများဖြစ် ကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည် နိုဝင်ဘာလအတွင်းက ဆင်ရွာအနီး သရဲသူမိန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစန်းအား တော်လှန်ရေးအဖွဲ့များ ဝင်‌ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပျူစောထီးစစ်သင်တန်းပေးခြင်းနှင့် လူသစ်စုဆောင်းမှုများ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ပျူစောထီးခေါင်းဆောင် ဦးအောင်စိုး

#ဝေါမြို့နယ် #ပျုစောထီးခေါင်းဆောင် #စစ်ကောင်စီခန့်အပ်ချုပ်ရေးမှူး #ဒေသခံများ #အဓမ္မစစ်သင်တန်းပေး #သင်တန်းစရိတ် #၅၀၀၀တောင်းယူ #Ayeyarwaddy_Times