
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ရက်
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီးကျေးရွာများတွင် ဆေးပင်စင်ယူထားသည့် စစ်ကောင်စီတပ်ထွက်( ၅၀)ဦးထက်မနည်းကို လက်ရှိတိုက်ပွဲဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန်စစ်ကောင်စီတပ်မှ ပြန်လည်ခေါ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။
ဟိုင်းကြီးကျွန်းမြို့အနီး ရှိ မရမ်းကွင်းနှင့်ငပြေမကျေးရွာတို့၌ ပြီးခဲ့သည့်ဒီဇင်ဘာလ၄ရက်နေ့၌ ဆေးပင်စင်ဖြင့်တပ်မှထွက်ခွာလာသည့် စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းကို ပမ္မဝတီရေတပ်မှ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည့်ကျေးရွာဒေသခံများထံက သိရသည်။
“ ရေတပ်တွေ ရွာထဲဝင်လာတာ။ ဆေးပင်စင်ယူထားတဲ့ တပ်သားတွေကိုနာမည်စာရင်းနဲ့လိုက်ရှာပြီး ခေါ်သွားတာတွေ့လိုက်ရတယ်။ရွာသားတွေကိုတော့ဘာမှမမေးသွားဘူး။အဲဒီတပ်သားတွေကို ခေါ်ပြီးတော့စစ်ကားတွေနဲ့ပြန်ထွက်သွားတာတွေ့လိုက်ရတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် မရမ်းကွင်းကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်း ဆေးပင်စင်ရယူထားသည့်စစ်ကောင်စီတပ်သားများကို ပြန်လည်ခေါ်ဆောင်၍ လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲနေရာများသို့ ပြန်လည်ပို့ဆောင်ရန် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ပြီးခဲ့သည့်ဒီဇင်ဘာလ၁ရက်နေ့တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက
သိရသည်။
“ပုသိမ်အပါအဝင်တတိုင်းလုံးကမြို့နယ်တွေမှာတချို့ကရှေ့တန်းဒဏ်ရာရာရလို့ ဆေးပင်စင်ယူတဲ့သူတွေရှိနေတယ်။အဲဒီသူတွေကို နတခ အမိန့်နဲ့ပြန်ခေါ်ခိုင်းနေတာ။ရှေ့တန်းမပို့ခင်ကြံ့ခိုင်ရေးစစ်မယ်။အဆင်ပြေတာနဲ့ရန်ကုန်ကနေတဆင့် လေယာဉ်တွေကားတွေနဲ့ရှေ့တန်းတန်းပို့မှာပေါ့” ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်သတင်းရင်းမြစ်ကဆိုသည်။
ဟိုင်းကြီးကျွန်းမြို့နယ်တွင်ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွါးနေသည့် တိုက်ပွဲများအတွက်အင်အားဖြည့်တင်းရန် ပြည်သူ့စစ်သင်တန်းဆင်းလူငယ်များကို ရှေ့တန်းစေလွှတ်ခဲ့ကြောင်း သိရသည်။
#ဟိုင်းကြီးကျွန်း #ဆေးပင်စင်ယူထားသည့် #စစ်ကောင်စီတပ်ထွက် #Ayeyarwaddy_Times