
ဧရာဝတီတိုင်းမ်
(မုန်း)၊ ဒီဇင်ဘာ ၆ ရက်
ပဲခူးတိုင်း၊ မုန်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၈၄ တပ်ရင်းမှ ဒုတပ်ရင်းမှူးအပါအဝင် ၁၉ ဦးမှာ လက်နက်ချအညံ့ခံခဲ့ပြီး ခမရ-၅၉၀ တပ်ရင်းမှ တပ်မိသားစုဝင် စစ်သုံ့ပန်း ၄၀ ကျော်လည်း ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားသည်။
မုန်းမြို့တိုက်ပွဲသို့ စစ်ကောင်စီက လေကြောင်းနေ၍ စစ်ကူပို့ခဲ့သည့် ခလရ-၈၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လင်းခိုင်၊ တပ်ခွဲမှူးဗိုလ်ကြီး အာကာစိုး၊ အင်ဂျင်နီယာတပ်စုမှူး ဗိုလ်ကြီး နိုင်နိုင်ထွန်း အပါအဝင် အရာရှိများနှင့် တပ်သား ၁၉ ဦးသည် ခမရ-၅၉၀ တပ်ရင်းအတွင်း ဝင်ရောက်တပ်စွဲထားပြီးနောက် လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီစခန်းများမှ လက်နက်ခဲယမ်းအများအပြားကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
“ခမရ ၅၉၉၊ ၅၉၀ တပ်ကသူတွေကတော့ တိုက်ပွဲမှာကျကုန်ပြီ။ အလောင်းဘယ်လောက်ရှိမလဲ ဆိုတာတော့မသိနိုင်သေးဘူး” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ခမရ-၅၉၀ တပ်ဝင်းအတွင်းရှိ တပ်မိသားစုဝင် ၄၂ ဦးကိုလည်း စစ်သုံ့ပန်း ဥပဒေများနှင့် အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုန်းမြို့သိမ်းတိုက်ပွဲအတွင်း ခမရ-၈၄ မှ တပ်ဖွဲ့ဝင်များအပြင် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့က လေကြောင်းဖြင့် စစ်ကူပို့ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း မြေပြင်မရောက်မီကပင် အလံဖြူပြကာ ထပ်မံ၍ လက်နက်ချအညံ့ခံထားကြောင်းလည်း သိရသည်။
မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်များတပ်စွဲထားရာ ခမရ-၅၉၉ တပ်ရင်း၊ ခမရ-၅၉၀ တပ်ရင်း၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည့်သူ့ကာကွယ်ရေး တပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့တို့မှ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့အတွင်း မြို့သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – KNU
#မုန်းမြို့သိမ်းတိုက်ပွဲ #ခလရ၈၄လက်နက်ချ #ဒုတပ်ရင်းမှူး #ခမရ၅၉၀တပ်မိသားစု #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #Ayeyarwaddy_Times