ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် မြို့နယ်ရဲစခန်း၊ထွေအုပ်ရုံးနှင့် မြို့ပြင်စစ်ဆေးရေးဂိတ်တို့တွင် စစ်ကောင်စီတပ်အင်အား၃၀ဦးထက်မနည်းဖြည့်တင်းကာ ခံစစ်ပုံစံပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ကန်ကြီးထောင့် မြို့နယ်ရဲစခန်းတွင် စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းကို ရဲဝန်ထမ်းယူနီဖောင်းများ ဝတ်ဆင်စေကာ ကင်းချထားကြောင်း ရဲသတင်းအရင်းမြစ်ထံမှသိရသည်။

“မြို့နယ်ရဲစခန်းထဲကို ၂ရက်နေ့ထဲက စစ်တပ်ကလူတွေရောက်နေကြတယ်။ စခန်းထဲမှာ ရဲအင်အားနည်းတော့ အင်အားလာဖြည့်တဲ့သဘောဖြစ်နေတယ်။ စစ်သားတွေကို ရဲဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းတာ။ ၁၀ယောက်လောက်လာပို့သွားတယ်”ဟု ကန်ကြီးထောင့်မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် မြို့နယ်ထွေအုပ်ရုံးနှင့် မြို့ပြင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းကို အင်အားဖြည့်တင်းထားကြောင်း မြို့ခံများထံက သိရသည်။

“ ထွေအုပ်ရုံးနဲ့ မြို့ထွက်ပေါက်ဂိတ်နေရာမှာ ရဲတွေမတွေ့တော့ဘူး။ စစ်သားတွေပြန်ရောက်လာတယ်။ အရင်ကမတွေ့တာကြာပြီ။ အခုစစ်သားတွေ ကင်းပုန်းချစောင့်နေတာတွေ့ရတယ်။ စစ်ဆေးတာလည်း အရင်ထက်ပိုကြပ်လာတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကန်ကြီးထောင့်မြို့ခံတစ်ဦးကဆိုသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ၊နိုဝင်ဘာလနှင့်ယခုဒီဇင်ဘာလပထမအပတ်အတွင်း မြို့တွင်းလုံခြုံရေးအကြောင်းပြကာ လူငယ်၅၀ဦးထက်မနည်းကို ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့က သင်တန်းပေးခဲ့ပြီးနောက် မြို့တွင်းလုံခြုံရေးအတွက် ကင်းလှည့်ရာတွင် အသုံးပြုနေကြောင်း သိရသည်။

#ကန်ကြီးထောင့် #မြို့နယ်ရဲစခန်း #ထွေအုပ် #မြို့ပြင်စစ်ဆေးရေးဂိတ် #စစ်ကောင်စီတပ် #ခံစစ်ပုံစံပြင်ဆင် #Ayeyarwaddy_Times