ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(လောင်းလုံး) ၊ ဒီဇင်ဘာ ၆ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ ပေါ်ရှိ စက်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ကို ယနေ့ နံနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စရဖ ရုံး ကို ဒီဇင်ဘာလ ၆ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စရဖ ရုံး ကို လာပစ်ကြတာ။ပစ်ခတ် သံတွေက ဆူညံနေတာပဲ့။လက်နက်ကြီး အသံတွေ ရော၊လက်နက်ငယ် အသံတွေကိုပါကြားရယ် “ဟု လောင်းလုံးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်ခံရသည့် စရဖရုံးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်ခန့် ပုံမှန်တပ်စွဲ နေထိုင်လေ့ရှိသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပဲ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများကို မိနစ်အနည်းငယ် စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံမှသိရသည်။

လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊စရဖ ရုံး နှင့်လဝကရုံး တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည့် ရုံးများဖြစ်သည်။

#တနင်္သာရီ #လောင်းလုံး #စက်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#Ayeyarwaddy_Times