ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

နိုင်ငံခြားငွေအမေရိကန်ဒေါ်လာအရောင်းအဝယ်ပြုရာ၌ ပုဂ္ဂလိကဘဏ်များက ပြင်ပ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ပြုခွင့်ရှိပြီးနောက်တွင် ဒေါ်လာဈေးနှင့် ရွှေဈေးများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ တစ်ရက်အတွင်း ကန်ဒေါ်လာ ၆၀ ကျပ် ဝန်းကျင်နှင့် ရွှေတစ်ကျပ်သား ကျပ်တစ်သိန်း (၁၀၀,၀၀၀)ကျော်မြင့် တက်သွားကြောင်း သိရသည်။

အမေရိကန်ဒေါ်လာဈေးသည် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၉၀ ကျပ်ရှိကာ ယနေ့မနက်ဈေးအဖွင့်တွင် ကျပ် ၃၄၉၀ ဖြင့်ဈေးဖွင့်ပြီး ညနေဈေးပိတ်တွင် တစ်ဒေါ်လာ ကျပ် ၃၅၅၀ ဖြင့် တစ်ရက်အတွင်း ၆၀ ကျပ်မြင့်တက်သွားခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

“ဒေါ်လာဈေးတက်သွားတယ်။ ပစ္စည်းရှားပြီးတော့ အဝယ်လိုက်တယ်။ တော်တော် များများ ရောင်းနိုင်မယ့်သူမရှိဘူး။ အဝယ်လိုက်တော့ ဈေးနည်းနည်း တက်တယ်” ဟု ဒေါ်လာဈေးကွက်နှင့်ပတ်သက်ပြီးနားလည်သူတစ်ဦးက ဆိုသည်။

ဒေါ်လာဈေးနှင့် အမြဲချိတ်ဆက်နေသော အကယ်ဒမီအခေါက်ရွှေဈေးနှုန်းက တစ်ရက်တည်း ကျပ်တစ်သိန်း မြင့်တက်လာကာ တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်း ငါးသောင်းဖြင့်ဈေးပိတ်သွားကြောင်း ရွှေဆိုင်များထံက သိရသည်။

ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်း ခုနစ်သောင်း ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေထောက်ပံ့မှုမပေးနိုင်သည့် နောက်ဆုံးတွင် နိုင်ငံခြား ငွေရောင်းဝယ်ခွင့်ရှိသော ဘဏ်များကို ပြင်ပဒေါ်လာပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့် ပြုလိုက်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်သည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြောင့် ပြည်ပကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲဖြစ်ပေါ်နိုင်ပြီး ယခုရက်ပိုင်းအတွင်းမှာပင် စက်သုံးဆီ ပြတ်လပ်မှုများ ကြုံတွေ့ နေရပြီဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဒေါ်လာနှင့်ရွှေဈေးတက် #ဗဟိုဘဏ်ပေါက်ဈေး #Ayeyarwaddy_Times