ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများနှင့်ပတ်သက်၍ တရုတ်နိုင်ငံကို ဒေါ်လာ ၁၀၀ ဘီလီယံနှင့်အထက် ပေးလျော်ရမည့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အမေရိကန်ဒေါ်လာငွေများ အပူတပြင်း လိုအပ်နေကြောင်း စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များနှင့်နီးစပ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် နေထိုင်ကာ လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသားများပိုင် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ မြန်မာဘဏ်များထံ အပ်နှံထားသည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံနှင့်အထက် ရှိနေကြောင်း သိရပြီး တရုတ်အစိုးရက ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများကိုသာမက ၎င်းတို့အပ်ထားသည့် ငွေကြေးများကိုပါ ပြန်လည်လွှဲပြောင်းပေးရန် စစ်ကောင်စီထံ တောင်းဆိုထားကြောင်း သိရသည်။

တရုတ်အစိုးရ၏တောင်းဆိုထားသည့် ဒေါ်လာဘီလီယံ ၁၀၀ ကျော်ပမာဏရှိ ငွေကြေးများကို စစ်ကောင်စီက ပြန်လည်ပေးအပ်ရန်အတွက် ဒေါ်လာ အပူတပြင်းလိုအပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရနိုင်သမျှ နည်းလမ်း ပေါင်းစုံဖြင့် ဒေါ်လာရှာဖွေစုဆောင်းမှုများ ဆောင်ရွက်နေကြောင်း စစ်ကောင်စီထိပ်တန်းခေါင်းဆောင်များနှင့် နီးစပ်သည့်သတင်းရင်းမြစ်များက ပြောသည်။

“ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သတ်လို့ နစကဘက်က တရုတ်ကို ဒေါ်လာဘီလီယံရာကျော် လျော်ရဖို့ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ (စစ်ခေါင်းဆောင်) ဒေါ်လာတွေ အသည်းအသန် လိုအပ်နေတာ။ အခုလည်း ဒေါ်လာကို ရနိုင်သမျှနည်းလမ်းနဲ့ ရှာဖွေစုဆောင်းတာတွေ လုပ်နေကြတာ”ဟု စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှာ ယခုရက်ပိုင်းအတွင်း ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ကိုင် နေသူများကို ခပ်စိပ်စိပ်ဖမ်းဆီးပြနေသော်လည်း တရုတ်ဘက်မှ လူပုဂ္ဂိုလ်များ အပြင် ငွေကြေးများကိုပါ လွှဲပြောင်းအပ်နှံရန် တောင်းဆိုနေခြင်းကြောင့် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ကြီးမားသည့်အကျပ်အတည်း ကြုံတွေ့နေရခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တရုတ်အစိုးရထံ လွှဲပေးရမည့်ငွေပမာဏမှာ ဒေါ်လာဘီလီလံ ၁၀၀ မှ ၂၀၀ ကြား ရှိပြီး ယခုအချိန်အခါတွင် တရုတ်နှင့်ဆက်ဆံရေး ပျက်၍မရသည့်အခြေအနေကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် အကြပ်ရိုက်လျက်ကြောင်း သိရသည်။

ယင်းအပြင် တရုတ်နိုင်ငံအတွင်းရှိ WhatsApp ကဲ့သို့ လူမှုကွန်ရက်များ၌ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျားဖြန့်ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၏ အဓိကခေါင်းဆောင်အဖြစ် စွပ်စွဲရေးသား နေကြပြီး ၎င်းလိမ်လည်ရယူထားသည့် ငွေကြေးများကို ပြန်လည် သိမ်းဆည်းရန် တရုတ်ပြည်သူတချို့က တောင်းဆိုမှုများရှိကြောင်း ရေးသားဖော်ပြမှုအများအပြား ဖြစ်ပွားနေကြောင်း သိရသည်။

“မြန်မာပြည်ထဲက အွန်လိုင်းကျားဖြန့်လုပ်ငန်းရဲ့ အဓိကခေါင်းဆောင်က မင်းအောင်လှိုင်ဆိုပြီး တရုတ် ပြည်သူတွေက WhatsApp မှာ ရေးနေကြတာ အများကြီးပဲ။ မင်းအောင်လှိုင်ကို ခုံရုံးတင် စစ်ဆေးပေး၊ ပြီးရင် သူလိမ်ယူထားတဲ့ငွေတွေ ပြန်သိမ်းပေးဆိုပြီး တရုတ်အစိုးရကိုတောင်းဆိုနေတာမျိုးတွေရေးနေတာ တွေ့နေရတယ်”ဟု တရုတ်နိုင်ငံသားများနှင့်အတူ အလုပ်လုပ်ကိုင်နေသူ စင်္ကာပူရောက်မြန်မာတစ်ဦးက ပြောသည်။

အဆိုပါ ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းမှာ ယခင် နအဖစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၁၀ ဝန်းကျင်နှစ်များက စတင်၍ အစပျိုးခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းများ ဖွံ့ဖြိုးလာသည့် သမ္မတ ဦးသိန်းစိန်အစိုးရခေတ်တွင် ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်ဖူးသူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်ကစတင်ခဲ့သည့် အရပ်သား NLD အစိုးရခေတ်တွင်လည်း အရှိန်တစ်ခုဖြင့် ဆက်လက် လည်ပတ်နေခဲ့ပြီး ၂၀၂၀ ခုနှစ်ကစတင်သည့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်ကာလတွင် အွန်လိုင်း လောင်းကစားလုပ်ငန်းများ ပိုမိုကြီးထွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အဆိုပါ ကျားဖြန့်လုပ်ငန်းများကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ခရိုနီ ထွန်းမြင့်နိုင် (ခ) စတီဗင်လော၊ ရွှေတောင်ကုမ္ပဏီအုပ်စုပိုင်ရှင် ခရိုနီ ဦးအိုက်ထွန်းနှင့် NLD အရပ်သားအစိုးရလက်ထက်တွင် ငွေကြေးခဝါချ မှုများဖြင့် ဖမ်းဆီးခံခဲ့ရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့က စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနှင့်နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။

“အေးရှားဝေါလ် ထွန်းမြင့်နိုင်ရယ်၊ ဦးအိုက်ထွန်းရယ် နှင်းဆီပါတီလုပ်တဲ့ ဦးကျော်မြင့်ရယ် ဒီလူတွေက မြန်မာပြည်မှာ ကျားဖြန့်လုပ်ငန်းကို အစောဆုံးလုပ်ခဲ့သူတွေလို့ ပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ဒေါ်လာငွေလိုအပ်နေသည့် စစ်ခေါင်းဆောင်က ဗဟိုဘဏ်သတ်မှတ်‌ဈေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် သွင်းကုန်သမားများထံ ရောင်းချပေးမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်း၀ယ်ရန် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံခြားသုံးငွေများ ရောင်း၀ယ် ဖောက်ကားသည့် လုပ်ငန်း AD လိုင်စင်ရဘဏ်များ အနေဖြင့် နိုင်ငံခြားဈေးကွက်တွင် အရောင်းအ၀ယ်ပြု လုပ်ရာ၌ ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်ကသတ်မှတ် ပေးမည်မဟုတ်တော့ဘဲ ဈေးကွက်အတွင်း နိုင်ငံခြား ငွေရောင်းချလိုသူနှင့် ၀ယ်ယူလိုသူတို့က တင်သွင်း သော ငွေလဲလှယ်နှုန်းပေါ်မူတည်၍ ဈေးကွက်ပေါက် ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ-တရုတ်နိုင်ငံတွင် အသုံးပြုသည့် WeChat အပြင် WhatsApp လူမှုကွန်ရက်တွင်ဖော်ပြထားသည့် စစ်ခေါင်းဆောင်နှင့်ကျားဖြန့်လုပ်ငန်းများအကြောင်း
#အွန်လိုင်းငွေကြေးလိမ်လည်မှု #ကျားဖြန့် #တရုတ်နိုင်ငံ #ဒေါ်လာ၁၀၀ဘီလီယံအထက် #စစ်ခေါင်းဆောင် #ဒေါ်လာအပူတပြင်းရှာဖွေ #Ayeyarwaddy_Times