
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာ ၆ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်း ရွာဟောင်းရှိ အသက် ၂၈ နှစ်အရွယ် စောဆောင်းနှင်းထူးဖောကို စစ်ကောင်စီတရားရုံးက ထောင် ၁၀ နှစ်အမိန့် ချမှတ်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။
စစ်ကောင်စီတပ်သားများသည် စောဆောင်းနှင်းထူးဖောကို ပြီးခဲ့သည့်ဇူလိုင်လ ၂၅ ရက်နေ့က ထားဝယ်မြို့အဝင် အိမ်ရှေ့ ပြင်စစ်ဆေးရေးဂိတ်တွင် ခရီးသည် တင်ယာဥ်ပေါ်မှနေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ စစ်ဆေးခံရကာ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ပြီးခဲ့သည် အောက်တိုဘာလတွင်မှ မိသားစုဝင်များ နှင့် ပြန်လည်အဆက်အသွယ်ရရှိခဲ့ကြောင်း သိရသည်။
“သူ့ကို ဖုန်းထဲ ကနေ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ့တယ်ဆိုပြီး ဖမ်းခဲ့တာပါ။ စစ်ဆေးလို့ လေးလကျော်အကြာမှာ အခုလို အမိန့်ချလိုက်တာ။ အကြမ်းဖက်မှု ပုဒ်မနှစ်ခု နဲ့ ထောင် ၁၀ နှစ်ချမှတ်လိုက်တာ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စောဆောင်းနှင်းထူးဖောသည် ထားဝယ် ကွန်ပျူတာ နည်းပညာ တက္ကသိုလ် မှ ကွန်ပျူတာနည်းပညာ ဘွဲ့ရ ကျောင်းသားတစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် တရားစွဲဆိုပြီးနောက် ထားဝယ်ထောင်တွင်း တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းအတွင်းရှိ မြို့အဝင်စစ်ဆေးရေး ဂိတ်တွေများတွင် လမ်းသွားလမ်းလာများ၏ လက်ကိုင်ဖုန်းများကို အသေးစိတ်စစ်ဆေး၍ စွပ်စွဲဖမ်းဆီး ငွေတောင်းယူခြင်းများအပြင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုမှု အများအပြားလည်း ရှိကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီက ထောင်ဒဏ် ၁၀ ချမှတ်ခဲ့သည့် စောဆောင်းနှင်းထူးဖော
#ထားဝယ်မြို့အဝင်ဂိတ် #ဖမ်းဆီးခံရ #မိကျောင်းလှောင်းရွာဟောင်း #အမျိုးသားတစ်ဦး #ထောင်၁၀နှစ်ချမှတ် #Ayeyarwaddy_Times