
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
စစ်ကောင်စီ၏ အာဏာသိမ်းကာလ ကြာမြင့်လာသည်နှင့်အမျှ တပ်အင်အား လျော့နည်း လာသော စစ်ကောင်စီတပ်သည် တပ်သားသစ်ရရှိရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပြီး ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်သည့် တပ်ပြေးများကိုပါ ပြန်လည်အသုံးပြုရန် စီစဉ်လာကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်ပြေးအင်အားသည် ယခုလက်ရှိ စစ်ကောင်စီတပ်အင်အား၏ နှစ်ဆခန့်ရှိနေပြီး ပြည်တွင်းရှိ တပ်ပြေးများကို ဇွတ်ဖမ်းမည့် အခြေအနေဟု မြင်မိသလို ၎င်းတို့၏ လက်အောက်ခံများအား ဝါဒဖြန့်ခြင်းလည်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“လက်ရှိ စစ်သားတွေကို ဝါဒဖြန့်တယ်လို့ ယူဆတယ်။ မင်းတို့ကသာ မတိုက်ရဲ၊ မတိုက်ချင် ဖြစ်နေတာ စစ်ပြေးလုပ်ထားတဲ့ သူတွေကတောင် ပြန်တိုက်ပါရစေ လုပ်နေတယ်ဆိုတာမျိုးပေါ့။ စစ်တပ်ရဲ့ လက်ရှိအင်အား စိတ်ဓာတ်လုံး၀ ကျဆင်းနေပြီလို့ ပြောရဲပါတယ်။ ဘာလို့လဲဆိုတော့ စစ်ပြေးမှုဆိုတာ သေရင်တောင် မလွတ်ဘူးလို့ ဆိုထားတဲ့ စစ်တပ်က စစ်ပြေးတွေကို ပြန်လက်ခံပေးမယ် ဆိုတာမျိုးကတော့ တော်တော်ရုပ်ပေါက်သွားပြီ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံတ၀န်းရှိ ခွင့်မဲ့/တပ်ပြေးများက တာဝန်ထမ်းဆောင်ရန် ဆက်သွယ်လာသည့်အတွက် သတ်မှတ်ကာလနှင့် အကျုံး၀င်သူများကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် သာမန်ပြစ်မှု ကျူးလွန်ထားသည့် တပ်ပြေးများကို ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးသွားမည်ဟု စစ်ကောင်စီက ဆိုထားပြီး လက်တွေ့နှင့် တခြားစီ ဖြစ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များသည် ရှက်စရာကောင်းနေကြောင်း စစ်မှု ထမ်းဟောင်း တပ်ကြပ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ခွင့်မဲ့/တပ်ပြေးများကို တပ်ထိန်းများက အဓိကလိုက်ဖမ်းပြီး ဖမ်းဆီးရမိ သူများအား စစ်တရားရုံး၌ စုံခုံဖွဲ့စစ်ဆေးကာ တပ်တွင်းဥပဒေအရ တပ်ပြေးမှုကို ထောင်ဒဏ် ၇ နှစ်၊ ခွင့်မဲ့ပျက်ကွက်မှုကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်၍ အရပ်ဘက်ထောင်သို့ လွှဲပြောင်းပို့ဆောင်ကြောင်း သိရသည်။
“တပ်ပြေးတွေ အများစုက အပြင်မှာ ရောက်လို့ရှိရင်လည်း အဆင်မပြေတာ များတယ်။ အဲဒီတော့ ဘာလုပ်ကြသလဲဆိုရင် တော်တော်များများက အပြင်မှာ အဆင်မပြေလို့ရှိရင် တပ်ထဲပြန်ဝင်လိုက်။ ပြီးလို့ရှိရင် တပ်ထဲကနေ နည်းနည်းအဆင်မပြေလိုက် ပြန်ပြေး လိုက်နဲ့။ အဲဒီလိုပဲ လုပ်နေတဲ့ ကောင်တွေလည်း အများကြီးရှိတယ်။ အဲဒါကြောင့်မို့ ဒီဟာက အဲလိုကောင်တွေကို ပြန်ခေါ်တဲ့ သဘောလို့ ထင်တယ်” ဟု CDM ဗိုလ်ကြီး ဇေသူအောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်တွင်း၌ အရာရှိ၊ စစ်သည်များ ထွက်မပြေးရန်နှင့် တပ်ပြေးမှုသည် ဆွေးသောအမှု မဟုတ်ဘဲ မသေမချင်း ဖမ်းဆီး၍ ပြစ်ဒဏ်ပေး ခံရနိုင်သလို အရပ်ထဲတွင်လည်း တပ်ပြေးဘ၀က မျက်နှာငယ်ရသည်ဟု အကြောက်တရား ရိုက်သွင်းထားကြောင်း CDM အရာရှိများထံက သိရသည်။
“တပ်ပြေးတဲ့ စစ်သည်တွေကို ရှေ့တန်းပို့ဖို့၊ အသုံးချဖို့ ပြန်ခေါ်တဲ့ သဘောပါပဲ။ တပ်ထဲမှာလည်း လူတွေက မရှိကြတော့ဘူးလေ။ ထွက်ပြေးတဲ့ သူတွေနဲ့ အာဏာ ဖီဆန်တဲ့ လူတွေနဲ့ဆိုတော့ လုံခြုံရေးကအစ ခိုင်းဖို့လူမရှိတော့ဘူး။ တော်တော်လေး ဂယက်ရိုက်နေပါပြီ” ဟု CDM တပ်ကြပ်ကြီး သိန်းကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက် မတိုင်ခင်အထိ ခွင့်မဲ့ပျက်ကွက် ကြေညာခံထားရ သူများအနေဖြင့် စစ်မှုထမ်းရန် ပြန်လာမည်ဆိုလျှင် စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုအဖြစ်သာ သတ်မှတ်၍ လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
ထို့ကြောင့် ယခုအခါတွင် စစ်မှုထမ်းရန်အတွက် ဆက်သွယ်လာသူ ထောင်နှင့်ချီရှိနေပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ဝါဒဖြန့် ရုပ်သံ၊ သတင်းစာများမှ တဆင့် ပြောဆိုခဲ့သည်။
“စစ်ပြေးမှုဆိုတာက ယေဘုယျအားဖြင့် တပ်သို့ပြန်လာရန် ရည်ရွယ်ချက် မရှိသော ခွင့်မဲ့ပျက်ကွက်ခြင်း၊ ထပ်ပြောရမယ်ဆိုရင် တပ်သို့ပြန်လာရန် ရည်ရွယ်ချက်မရှိတဲ့ ခွင့်မဲ့ပျက်ကွက်ဖြစ်ခြင်းကို ဆိုလိုတာဖြစ်တယ်။ တပ်ကို ပြန်လာဖို့၊ စစ်မှုထမ်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဒါကိုစစ်ပြေးမှု မမြောက်ဘူးလို့ ဆိုလိုနိုင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။
စစ်ကောင်စီက ခွင့်မဲ့/တပ်ပြေးများနှင့် ပတ်သက်၍ ၎င်းတို့အလိုကျ ဝါဒဖြန့်ထားသလို တစ်ဖက်တွင် တပ်သားပြုန်းတီးမှု ကုစားနိုင်ရေးအတွက် တပ်ရင်းများအားလုံး တစ် လလျှင် တပ်သားသစ် ၁ ဦးနှုန်းဖြင့် တစ်နှစ်လျှင် ၁၂ ဦး စုဆောင်းကြရန်နှင့် မစုဆောင်း နိုင်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားစာ ထွက်ပေါ်လာသည်။
“တပ်သားသစ်ကို တစ်လ တစ်ယောက်နှုန်း စည်းရုံးရေး ဧရိယာအတွင်းကနေ စုဆောင်းခိုင်းတယ်။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အမိန့်။ ဘာလို့လဲဆိုတော့ အာဏာမသိမ်းခင်ကတောင် လေးလကို တစ်ယောက်ရဖို့ မလွယ်ဘူး၊ ပိုဆိုးတာက ဒီလိုကာလမျိုးမှာ စုဆောင်းရေး စည်းရုံးရေးအတွက် သီးခြားတာ၀န် မပေးနိုင်ဘူး။ သူတို့လုံခြုံရေးတောင် မနိုင်မနင်းဖြစ်နေတဲ့ အနေအထား” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်ကောင်စီ လက်အောက်တွင် ခြေလျင်တပ်ရင်းပေါင်း ၇၀၀ ရှိသလို အခြား လက်ရုံးတပ်များသည်လည်း ၇၀၀ ခန့်ရှိပြီး ယင်းတို့သည် ယခင်က ၄ လလျှင် တပ်သားသစ် တစ်ဦး စုဆောင်းပေးရကြောင်း သိရသည်။
“ထောင်ထဲက လူတွေ၊ အလုပ်ရှာနေတဲ့ သူတွေ၊ လက်တလော အမှုဖြစ်နေသူတွေ။ အဲ့ဒါထပ် ကားဂိတ်တွေ၊ ရထားဘူတာရုံတွေ ဒါတွေမှာ ပေကြောင်ပေကြောင်ဖြစ်တဲ့ သူတွေ၊ ရွာတွေမှာ တချို့ပိုက်ဆံ လိုတွေသူလည်းပိုက်ဆံနဲ့ စည်းရုံးမှာပါ။ အရင်တုန်းက အဲ့လိုပဲ လုပ်ကြတာ” ဟု CDM ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်အင်အား လျော့နည်းလာမှုကို ပြန်လည်ဖြည့်တင်းရန် အတွက် လက်ရှိတွင် နယ်ဘက်ဒေသအပါအဝင် ရန်ကုန်နှင့် မြို့ကြီးအချို့၌ လူငယ်များအား အဓိကထား၍ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးကာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီတွင် စစ်တပ်ဒေါက်တိုင် တစ်ခုသာလျှင် ကျန်ရှိတော့ပြီး လက်ရှိ၌ ထိုအရာပါ အားမကောင်းတော့ကြောင်း တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ဒီဒေါက်တိုင်ပါ စပြိုလာတော့ ဒီဒေါက်တိုင်ကို ခိုင်အောင် သူအမျိုးမျိုး လုပ်ရ တော့မယ်။ ရှေ့တန်းထွက်တဲ့အခါ တိုင်းပြည်ကို ကာကွယ်ဖို့၊ အမှန်တရားအတွက် စစ်သွားတိုက်တယ်လို့မှ စစ်သားတွေ ကိုယ်တိုင်က မယုံကြည်တော့တဲ့အတွက် ရှုံးမှာပဲလေ။ ဘယ်သူက အသေခံမလဲ။ အဲဒီလို ဖြစ်နေတဲ့ အချိန်ကာလမှာ ဘယ်သူပဲရရ၊ သူ့အတွက် အထောက်အကူဖြစ်မယ့် စစ်သားအရေအတွက်ပဲ ရရဆိုပြီး လုပ်ကို လုပ်နေပါပြီ။ သူ့မှာ ဒီတစ်နည်းပဲ ရှိပါတော့တယ်” ဟု ဦးဇော်ရန်းက ဆိုသည်။
ပုံစာ- ၇၇ နှစ်မြောက် စစ်ကောင်စီ၏ စစ်ရေးပြ အခမ်းအနား
#စစ်တပ် #သေလျှင်ပင်ပြေးမလွတ် #တပ်ပြေးများ #ပြန်လည်လက်ခံ #စစ်ကောင်စီတပ် #အင်အားစိတ်ဓာတ်အရေးနိမ့် #Ayeyarwaddy_Times