ဧရာဝတီတိုင်းမ်
(မုန်း)၊ ဒီဇင်ဘာ ၆ ရက်

ပဲခူးတိုင်း၊ မုန်းမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့က စစ်လော်ဘီများနှင့် စစ်ကောင်စီဝါဒဖြန့် မီဒီယာတွင် ပုံနှင့်တကွ ဖော်ပြထားသည်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ပုံနှင့်တကွ ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ လေယာဉ်ပေါ်မှ ဆင်းကာ ဓာတ်ပုံ ရိုက်ယူထားခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။

“အခုဆို အဲ့ဒီအဖွဲ့တွေလည်း ကျွန်တော်တို့ဆီကို လက်နက်ချမလား။ ချေမှုန်းခံမလား ဒါပဲသူတို့ရွေးရမှာ” ဟု မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မုန်းမြို့ကို လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်၍ တပ်သားတချို့ကို လေယာဉ်ဖြင့် ချပေးကာ ခမရ-၅၉၀ တပ်ရင်းနှင့် နေရာတစ်ချို့တွင် ဓာတ်ပုံများလာရောက်ရိုက်ယူသွားခြင်းဖြစ်ပြီး ယခုအခါ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တော်လှန်ရေးတပ်ဖွဲ့များထံ ပိတ်မိ နေကြာင်း သိရသည်။

“ထုံးစံအတိုင်း သူတို့ဝါဒဖြန့်တာပါ။ ကျွန်‌တော် တို့ သိမ်းပိုက်ထားပြီးသား ဘာမှ မရှိတော့တဲ့ တပ်စခန်းတစ်ခုကို တစ်နေ့လုံး လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်၊ အင်အားတချို့ လာချသွားပြီး ဓာတ်ပုံရိုက်ယူတဲ့ သဘောပါပဲ။ သူတို့ ဝါဒဖြန့်ဖို့အတွက်ကို အောက်ခြေ စစ်သားတွေကို ထိုးကျွေးတဲ့သဘောပါပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

မုန်းမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်း အထန်ပြုလုပ်နေသော်လည်း လက်ရှိမြေပြင်တွင်မူ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ကသာ ဆက်လက်ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း လေကြောင်းမှ မုန်းမြို့သို့ စစ်ကူပို့လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေပြင်သို့မရောက်မီကပင် အလံဖြူ ပြကာ လက်နက်ချခဲ့ကြပြီး မုန်းမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားလက်နက်ချခဲ့ကြောင်း သိရသည်။

မုန်းမြို့နယ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့မှစတင်ကာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များက မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး မြို့ကိုသိမ်းပိုက်နိုင်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့ အင်အား ၁၅၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်းကို KNU က ထုတ်ပြန်ထားသည်။

ပုံစာ – စစ်ကောင်စီက ဝါဒဖြန့်ရာတွင်အသုံးပြုသည့်ပုံ
#မုန်းမြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီတပ်သားများ #ဓာတ်ပုံရိုက် #လက်နက်ချ #ဝါဒဖြန့် #Ayeyarwaddy_Times