
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများမှ လူမှုကွန်ယက်များတွင်PDFများအဖြစ် ဟန်ဆောင် အလှူခံကာ ထောက်ပံမှုပြုလုပ်သူများကို အမှုဆင်ဖမ်းဆီးနေကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၃ရက်နေ့တွင် စစ်ကောင်စီ ဘက်မှ အယောင်ဆောင်PDFဆိုသူကို Kpayဖြင့် ငွေလှူမိသော ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ မအိမ့်ကြယ်စင်ထွန်း ကို နေအိမ်တွင် အင်အားအများအပြားနှင့် လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရှိရသည်။
“အတိအကျကို လာဖမ်းတာ ဖုန်းထဲမှာ ဘယ်နေ့က ငွေဘယ်လောက်လှူထားတာ ကအစ အမှုဆင်ထားတာ ယုတ်မာနေကြတယ်”ဟု မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိတွင် ဧရာ၀တီတိုင်းအတွင်း စစ်ကောင်စီ၏ ယခုကဲ့သို့ ထောင်ချောက်ဆင် ဖမ်းဆီးမှုကြောင့် အမျိုးသမီး လေးဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရကြောင်း ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
“တော်လှန်ရေးက အရှိန်မြှင့်နေတော့ လူထုကလဲ တတ်နိုင်တဲ့ဘက်က ပါခြင်ကြတာကို အခွင့်ကောင်းယူပြီးတော့ စစ်ကောင်စီ က ခုလို အကြံနဲ့လုပ်နေတာ။ လူမှုကွန်ယက်မှာPDFဝတ်စုံနဲ့ အလှူခံနေတာတို့ အဖွဲ့Pageတွေတွေ့တိုင်း မယုံရဘူး။ ဒါကြောင့် သေချာစုံစမ်းပြီး ယုံကြည်စိတ်ချရတဲ့သူတွေဆီကတစ်ဆင့် လှူစေချင်ပါတယ် “ဟု ဧရာ၀တီတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံထားရသူ များမှာနို၀င်ဘာလ ၂၈ရက်နေ့တွင် မြောင်းမြမြို့ တွင် CDMပြုလုပ်ထားပြီး နေအိမ်တွင်နေထိုင်နေသူ ကျောင်းဆရာမ နှစ်ဦးနှင့် ရေကြည်မြို့နယ် ၊ အသုတ်မြို့၊ အုန်းတောလမ်းတွင်နေထိုင်သူ ကိုဇော်မင်းထွန်း၊ နို၀င်ဘာလ၂၉ရက်နေ့တွင်မြန်အောင်မြို့နယ်တညင်းကုန်းကျေးရွာမှ မတင်ဇာလင်း၊ ဒီဇင်ဘာ ၃ရက်နေ့က ငရုတ်ကောင်းမြို့နေထိုင်သူ မအိမ့်ကြယ်စင်ထွန်းဆိုသူတို့ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀(ည)ဖြင့် အမှုဖွင့်လိုက်ကြောင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရသိရှိရသည်။
#ဧရာ၀တီ #စစ်ကောင်စီတပ်ဖွဲ့ #လူမှုကွန်ရက် #PDF #အမှုဆင်ဖမ်းဆီး #ငပုတောမြို့နယ် #ငရုတ်ကောင်း
#Ayeyarwaddy_Times