
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
ဒေါ်လာ ပြတ်လပ်နေသည့် စစ်ကောင်စီက ၎င်းတို့ သက်မှတ် ထားသည့် နိုင်ငံခြားငွေ လဲနှုန်းထား အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၁၀၀ ကို ပယ်ဖျက်၍ ဈေးကွက်ပေါက်ဈေး အတိုင်းရောင်းဝယ်နိုင်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရ ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားငွေကြေး ဈေးကွက် (Online Trading) အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲနှုန်းကို သက်မှတ် ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသည့် ငွေလဲနှုန်းထားပေါ်မူတည်ပြီး Market rate အတိုင်း လွတ်လပ်စွာ ရောင်းချနိုင်ကြောင်း ထုတ်ပြန်သည်။
“အခုစာမထုတ်တုန်းကရော ဗဟိုဘဏ်သတ်မှတ်အတိုင်းရောင်းလို့လား။ ကြိုက်ရောင်း၊ ကြိုက်ဝယ် လုပ်နေကြတာပဲ။ နိုင်ငံရေးအခြေအနေနဲ့ မျှခြေတစ်ခုရောက်ဖို့တော့ အချိန်ပေးရလိမ့်မယ်။ ကြောက်ပြီးလိုက်ဝယ် ရင်ဈေးတက်မှာ။ အခြေခံကုန်ဈေးနှုန်း ကတော့ ထိန်းနိုင်ပါ့မလားမသိဘူး။ ချက်ချင်းပြောလို့မရသေးဘူး” Export/ Import လုပ်ကိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီက သက်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဈေးကွက်အတွင်း ဝယ်ယူရရှိသည့် နိုင်ငံခြားငွေကို ပြည်ပသို့ လွှဲပြောင်း ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ပြည်ပသွင်းကုန် စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းနိုင်ရန် စစ်ကောင်စီက ဗဟိုဘဏ် သတ်မှတ်ဈေး ကျပ် ၂၁၀၀ ကျပ်ဖြင့် သွင်းကုန်တန်ဖိုး ၅၀ ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာထုတ်ရောင်းပေးသည်ဆိုသော်လည်း ဒေါ်လာလိုအပ်ချက်ကို ပြင်ပ ပေါက်ဈေးအတိုင်းသာဝယ်ယူရခြင်းဖြစ်ကြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းထား ပြင်ဆင်ရာတွင် အမေရိကန်တစ်ဒေါ် လာလျှင် ယခင် ၁၈၅၀ ကျပ် သတ်မှတ်ချက်မှ ၂၁၀၀ ကျပ်သို့ပြောင်းလဲကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်သည်။
ဒေါ်လာ လိုအပ်ချက်ရှိနေသည့် စစ်ကောင်စီက ယခင်က ဗဟိုဘဏ်၏ အမေရိကန် တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းကြောင့် သွင်းကုန် လုပ်ငန်းရှင်များမှာ ပြင်ပစျေးကွက်ပေါက်စျေးအတိုင်းသာ ၀ယ်ယူရမည်ဖြစ်၍ ဒေါ်လာ ငွေကြေးစျေးကွက် လှုပ်ခတ်နိုင်ကြောင်း သွင်းကုန် လုပ်ငန်းရှင်များက ဆိုသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဗဟိုဘဏ်ဒေါ်လာသတ်မှတ်ချက် #၂၁၀၀ပယ်ဖျက် #ပြင်ပပေါက်ဈေးအတိုင်းရောင်း #ဒေါ်လာဈေး #Ayeyarwaddy_Times